ယနေ့ မတ်လ ၈ ရက်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)မှ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးကျော်ဟန်၏ ၆၃ နှစ်မြောက် မွေးနေ့ဖြစ်သည်။
ဗိုလ်မှူးကြီးကျော်ဟန်၏မွေးနေ့တွင် AA တပ်ဖွဲ့ဝင် စစ်သည်အပါအဝင် အာရက္ခပြည်သူအချို့၏ မွေးနေ့ဆုတောင်းစကားသံအချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။
ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ မတ် ၈/ ၂၀၂၅
လင်းထက် (အာရက္ခပြည်သူ)
“ရိုးရိုးလေးပြောရမယ်ဆိုရင် ဗိုလ်မှူးကြီးကျော်ဟန်ဟာ အဖိနှိပ်ခံ အာရက္ခပြည်သူ၊ ပြည်သားတွေ လွတ်မြောက်ရေးအတွက် မနားမနေ ကြိုးပမ်းအားထုတ်နေတဲ့ ဝါရင့်၊ သဘာရင့်၊ သက်တမ်းရင့် အာရက္ခ တော်လှန်ရေးသမားကြီးတစ်ယာက်ပါ။ သူရဲ့ နှစ်လေးဆယ်ကျော် တော်လှန်ရေး ခရီးကြမ်းထဲမှာ အတက်၊ အကျတွေဟာ အရမ်း ကြမ်းတမ်းခဲ့ပါတယ်။ ဒီလိုမျိုး ခရီးကြမ်းထဲမှာ သာမန် မျိုးချစ်စိတ်လောက်နန့် ဘယ်လိုမှ မတောင့်ခံနိုင်ပါဘူး။ ဗိုလ်မှူးကြီးရဲ့ တော်လှန်ရေးခရီးဖြတ်သန်းမှုတွေကို ပြောရမယ်ဆိုရင် ပြောလို့မကုန်၊ ဖော်ကျူးလို့ မဆုံးတဲ့ ကိစ္စတွေက အများကြီးပါ။ တိုင်းပြည်အကျိုးတစ်ခုတည်းအတွက် သူ့ဘဝတစ်ခုလုံးကို အပြည့်အ၀ ရင်းနှီးမြှုပ်နှံထားတဲ့ ပြည်ချစ်ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ ဗိုလ်မှူးကြီးဆိုတဲ့တာဝန်ကို ဖယ်ထားပြီးတော့ ကျော်ဟန်ဆိုတဲ့ သာမန်လူတစ်ယောက်နန့် ကြည့်ရမယ်ဆိုရင်လည်း စိတ်သဘောထားပြည့်ဝတယ်။ ဖော်ရွေတယ်။ ဟာသဉာဏ်ရွှင်တယ်။ အပေါင်းသင်းနဲ့ မိတ်ဆွေတွေအပေါ်မှာ စည်းစောင့်တယ်။ အကူအညီပေးတတ်တဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။ ယနေ့ ကျရောက်တဲ့ ဗိုလ်မှူးကြီးရဲ့ ၆၃ နှစ်ပြည့်မွေးနေ့မှာ ဗိုလ်မှူးကြီး မျှော်မှန်ထားတဲ့၊ ရုန်းကန်အားထုတ်နေတဲ့ အာရက္ခအိမ်မက်တွေကို ချစ်ရတဲ့ မိသားစုနန့်အတူ အရင်ဆုံး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ လေးမြို့ချောင်းနားမှာ ခြံစိုက်၊ ကြက်တွေမွေးပြီးတော့ အမြန်ဆုံး နေနိုင်ပါစေ အစ်ကိုကြီး”
ဦးတက်ထွန်းအောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)
“ဗိုလ်မှူးကြီးကျော်ဟန်ဟာ နိုင်ငံရေး၊ တော်လှန်ရေးလောကမှာဖြတ်သန်းလာတယ်။ ULA / AA မှာလည်း ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်နေတယ်။ နိုင်ငံရေး၊ စစ်ရေးတွေကို ဒုက္ခ၊ သုခခံပြီးတော့ ဖြတ်သန်းလာတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ အသက် ၆၃ နှစ် ပြည့်ပေမဲ့ တိုင်းပြည်အတွက် အလုပ်အကျွေးပြုနေတုန်းပါပဲ။ ဒါကြောင့် အနာဂတ်မှာလည်း ရခိုင်ပြည် အချုပ်အခြာပိုင်နိုင်ငံဖြစ်သည်အထိ ကျန်းမာပါစေကြောင်း၊ ချမ်းသာပါစေကြောင်း ဆုတောင်းပေးပါတယ်”
ငြိမ်းချမ်းအောင် (အာရက္ခပြည်သူ)
“Happy Birthday ပါ ဗိုလ်မှူးကြီး။ အာရက္ခပြည်သူတယောက်အနေနဲ့ ဗိုလ်မှူးကြီးလို ခေါင်းဆောင်ကောင်းတွေကို ပိုင်ဆိုင်ခွင့်ရလို့ အများကြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဗိုလ်မှူးကြီးရဲ့ စွန့်လွှတ်အနစ်နာခံမှုနှင့် ရဲရင့်တဲ့ ခေါင်းဆောင်မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။ ဗိုလ်မှူးကြီးရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘဝကိုကယ်တင်ပြီး တန်းတူညီမျှရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးတို့အတွက် ခိုင်မာပြီး ရဲရင့်ပြတ်သားတဲ့ အမျိုးသားရေး စိတ်ဓါတ်ကို ဦးထိပ်ပန်ဆင်ပြီး အရက္ခပြည် လွတ်မြောက်ရေး ကြိုးပမ်းမှုတွေအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဗိုလ်မှူးကြီး ကျန်းမာပါစေ”