Preview

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆိုသည့် ရခိုင့်စစ်ရေးရည်မှန်းချက် သတ်မှတ်ကာလထက် စော၍ ပြည့်ဝနေဟုဆို

ကံ့ကော်နီနီ | မတ် ၁၅/ ၂၀၂၅ | ကြည့်ရှုသူ :2836
ရခိုင် သတင်း

ကံ့ကော်နီနီ - နိရဉ္စရာ ၊ မတ် ၁၅ / ၂၀၂၅

အာရက္ခတပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆိုခဲ့သည့် ရခိုင်ပြည်၏စစ်ရေးရည်မှန်းချက်သည် သတ်မှတ်ကာလထက်စော၍ ပြည့်ဝနေသည်ကို တွေ့ရကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၄ ခုနှစ်၊ ဇွန်လမှ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း စစ်ရေးအရ ၈၀ ရာခိုင်နှုန်းအထက် မျှော်မှန်းချက်ပြည့်ဝရမည်ဟု မိုခါမုန်တိုင်းအလွန် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက် တပ်တွင်းမိန့်ခွန်းတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က "၂၀၂၄ ၊ ခြောက်လပိုင်းကနေ ၂၀၂၅ ခြောက်လပိုင်း။ ငါကတော့ ဒီနှစ်နှစ်။ မင်းတို့တွေ လုံးဝကြိုးစားရမယ်။ ဒီနှစ်နှစ်မှာ ငါတို့ဟာ။ ငါတို့အားလုံးမျှော်မှန်းထားတဲ့ အမြင့်ဆုံးအဆင့်ကို မရောက်သေးရင်တောင် စစ်ရေးအရ ငါတို့မျှော်မှန်းချက်ဟာ ၈၀ ရာခိုင်နှုန်းအထက်။ အဆင်ပြေရင် ၁၀၀ မှာ ၁၀၀ ဂိုးသွင်းလိုက်မှာပေါ့"ဟု တပ်တွင်းမိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

လက်ရှိ AA အနေဖြင့် တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောဆိုခဲ့သည့်အတိုင်း ၂၀၂၅ ခုနှစ်၊ ဇွန်လမရောက်မီကပင် စစ်ရေးရည်မှန်းချက် ၈၀ ရာခိုင်နှုန်းအထက်အောင်မြင်နေသည်ကို တွေ့ရကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။

AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက "ပြည်နယ်သီးသန့်အတွက်ကတော့ ၈၅ ရာနှုန်းအထိ ပြည့်ဝနေပြီလို့ ပြောလို့ရပါတယ်။ တပ်မှူးချုပ်ပြောစကားဟာ ပြည်နယ်လူထုကို ပေးတဲ့ ကတိပါပဲ။ ကတိအတိုင်းလည်း တပ်မှူးချုပ်ရဲ့ဦးဆောင်ညွှန်ကြားမှုအောက်က အဆင့်ဆင့်တာဝန်ရှိ တပ်တော်သားအားလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း အပြည့်အဝယုံပါတယ်" ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အာရက္ခဒေသပြင်ပဒေသများ၏ စစ်အာဏာရှင်စနစ်ကျဆုံးခန်းအတွက်လည်း လက်ရှိမြေပြင်အနေအထားတွင် AA ၏စစ်ရေးဦးဆောင်မှုမှာ အရေးပါသည့်အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင် ရွေ့လျားနေကြောင်း အဆိုပါပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

လက်ရှိတွင် AA က ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်မြို့နယ် ၁၄ ခုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။

blob
ဓာတ်ပုံ - ရက္ခိုင်-ဧရာဝတီအစပ် တိုက်ပွဲအတွင်းတွင် တွေ့ရသော အာရက္ခစစ်သည်တော်များ
ရခိုင်နှင့်ထိစပ်နေသည့် ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များကို အဓိကဦးဆောင်ကာ စစ်ကောင်စီတပ်များအား တိုက်ခိုက်သိမ်းပိုက်မှုများ ရှိနေသည်။

CDM ဗိုလ်ကြီး ဇင်ယော်ကလည်း "ရခိုင်မှာ အာရက္ခပြည်မှာ ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် ဒါပဲကျန်တော့တယ်။ အခု ၂၀၂၅ ဇွန်လ မရောက်ခင်မှာပဲ ကျောက်ဖြူနဲ့ စစ်တွေထဲကို တိုက်ပွဲဖော်လာတာတွေ့ရတယ်။ တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့အတိုင်းပေါ့နော်။ ၈၀ ရာခိုင်နှုန်းအထက် ကိုရောက်နေပါပြီ။ နောက်ပြီး ကျွန်တော်တို့မျှော်လင့်မထားတဲ့ ပဲခူး၊ မကွေး၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေမှာပါ ထိုးစစ်ဆင်လာနိုင်ပြီ"ဟု သုံးသပ်ပြောဆိုသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ပင်ကိုဗီဇအရ အပြောသမားမဟုတ်ဘဲ အလုပ်နှင့်သက်သေပြသူဖြစ်ရာ ဗိုလ်ချုပ်ပြောသည့်အတိုင်း လက်တွေ့တွင် အမှန်တကယ်ဖြစ်လာနေသည်ဟု ရခိုင်မှ ပရဟိတသမား စာရေးဆရာ ဝေဟင်အောင်က နိရဉ္စရာကို ပြောသည်။

"အဲဒီဗိုလ်ချုပ်ပြောထားတဲ့ ဗီဒီယိုဖိုင်ကလည်း တပ်ဖွဲ့ဝင်တွေကိုသီးသန့် ကတိပေးတာဖြစ်ပြီး တပ်ထဲကပေါက်လာတာဖြစ်တဲ့အတွက် ကြိုတင်ပြီး ပြောသလိုဖြစ်သွားတာပေါ့။ အခုလက်ရှိမှာလည်း ဗိုလ်ချုပ်ပြောခဲ့တဲ့အတိုင်းပဲ တကယ်လည်းဖြစ်လာတယ်။ ပြောရမယ်ဆိုရင် လုံးဝ တစ်ရာမှာ တစ်ရာရာခိုင်နှုန်းလောက်မှန်တယ်လို့ ပြောလိုတယ်" ဟု နိရဉ္စရာသတင်းဌာနသို့ပြောသည်။

blob
ဓာတ်ပုံ - ပဲခူးတိုင်းအတွင်းရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းကုန်းအား AA က သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။
လက်ရှိအာရက္ခဒေသအတွင်း AA သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်သာကျန်ရှိပြီး ကျန်သိမ်းပိုက်မြို့နယ်များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

လက်ရှိ စစ်ရေးအောင်မြင်မှုသည် အစမ်းသပ်ခံကာလသာ ရှိသေးကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ AA နှင့် တအာင်းအမျိုးသားမြောက်ရေးတပ်မတော် (TNLA)က မတ်လ ၁၁ ရက်တွင် ကျရောက်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ၏ ၃၆ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။

AA ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်ရာ လိုင်ဇာတွင် မျိုးချစ်ရက္ခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

တော်လှန်ရေးခက်ခဲကြမ်းတမ်းမှုများကို အဆင့်ဆင့်ကျော်ဖြတ်လာခဲ့ရာ လာမည့်ဧပြီလ ၁၀ ရက်ဆိုလျှင် တပ်သက်တမ်း ၁၆ နှစ်ပြည့်တော့မည်ဖြစ်သည်။

ဓာတ်ပုံ - AA info Desk
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.