နောင်မင်းသူ၊ နိရဉ္စရာ၊ မတ် ၁၇ /၂၀၂၅
ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် နှစ်လခွဲအတွင်း မိုင်းနှင့် စစ်လက်ကျန်ဗုံးသီးပေါက်ကွဲ၍ လူငယ်တစ်ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။
သူတို့သည် မောင်တောမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှ ယခု မတ်လ ၁၅ ရက်အထိ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ မောင်တောမြို့နယ်၊ ရွှေဇားဂုံးနားမွတ်ဆလင်ရွာမှ အသက် ၂၂ နှစ်အရွယ် ကိုဖေရုစ်ခါန်ဖြစ်သည်။
ကိုဖေရုစ်ခါန်သည် ဖေဖော်ဝါရီလ ၁ဝ ရက်က စစ်ကျန်ဗုံးသီးတစ်လုံးအား ထုကစားစဉ် ပေါက်ကွဲမှုဖြစ်၍ သေဆုံးသွားခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက် နေ့လယ်ပိုင်းကလည်း မောင်တောမြို့နယ်၊ ရွှေဇားမွတ်ဆလင်ကျေးရွာဖက်သို့ ငါးသွားရှာသည့် လသာကျေးရွာမှ အသက် ၄၄ နှစ်အရွယ် ဦးအဒူဟာလေ့ခ်သည် မိုင်းနင်းမိပြီး ညာဖက်ခြေချင်းဝတ် ပြတ်ထွက်သွားခဲ့ရသည်ဟု သိရသည်။
ထို့အတူ မတ်လ ၁၃ ရက်ကလည်း မောင်တောမြို့နယ်၊ ရွှေဇားအနောက်မွတ်ဆလင်ရွာမှ လူငယ်ခုနစ်ဦးသည် ငါးသွားရှာကြစဉ် အသက် ၁၈ နှစ်အရွယ် ဒေသခံမွတ်ဆလင်လူငယ်တစ်ဦး မိုင်းနင်းမိပြီး ဘယ်ဖက်ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့ရသလို မိုင်းစထိမှန်ပြီး ဘယ်ဖက်မျက်လုံးပါ ကွယ်သွားခဲ့ရသည်။၏
ရွှေဇားကျေးရွာအုပ်စုမှ မွတ်ဆလင်လူကြီးတစ်ဦးက "ဒီရွှေဇားကျေးရွာအုပ်စုမှာ စစ်တပ်က အထိုင်စခန်းတွေ အများဆုံးချပြီး မိုင်းတွေအမြောက်အများထောင်ထားခဲ့တာကို ဒေသခံတွေအားလုံး သိထားပြီးဖြစ်ကြတယ်။ ဒေသခံတွေအနေနဲ့ ငါးရှာ၊ ဟင်းရှာသွားလာတဲ့အခါ မိုင်းရှိနိုင်တဲ့နေရာတွေကိုရှောင်ပြီး သွားလာဖို့ လိုအပ်တယ်။ မသင်္ကာစရာတွေ့ရင် သက်ဆိုင်ရာကိုအကြောင်းကြားသင့်တယ်။ မိုင်းတွေရှိနေတာကိုသိသိနဲ့ အသွားအလာအနေအထိုင်တွေမဆင်ခြင်ကြလို့ အခုလို မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှုတွေအထိ ဆက်တိုက်ဖြစ်လာနေတယ်။ အသွားအလာဆင်ခြင်ဖို့ အဓိကအရေးကြီးတယ်။ ဒီလိုမဆင်ခြင်ရင် နောက်ထပ်လည်း မိုင်းပေါက်ကွဲမှု ဒီထက်ဆိုးလာနိုင်ပါတယ်"ဟု ပြောဆိုသည်။
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် မောင်တောမြို့နယ်အတွင်း မိုင်းရှင်းလင်းမှုနှင့် မိုင်းအန္တရာယ်အသိပညာပေးမှုများကို AA က ဆက်တိုက်ဆောင်ရွက်နေသော်လည်း ဒေသခံပြည်သူများသည် မိုင်းအန္တရာယ်အသိပေးစည်းကမ်းချက်များကိုလိုက်နာမှု အားနည်းလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
မောင်တောဒေသခံ မွတ်ဆလင်လူကြီးတစ်ဦးက "AA ဖက်က မိုင်းရှင်းလင်းရေးတွေ ဆက်တိုက်ပြုလုပ်ပေးနေတယ်။ အသိပညာပေးမှုတွေလည်း ပြုလုပ်ပေးနေတယ်။ မိုင်းအန္တရာယ်ရှိတဲ့ နေရာတွေမှာ သတိပေးဆိုင်းဘုတ်တွေ၊ ဗီနိုင်းတွေကပ်ပြီးလည်း အသိပေးထားတာတွေ များစွာပြုလုပ်ပေးထားတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာမှု အလွန်အားနည်းနေတာတွေ့ရတယ်။ အဲဒါကြောင့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာနေတယ်"ဟု ပြောဆိုသည်။
မောင်တောမြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းနောက် မောင်တောမြို့ရှိ နခခ(၅)ရှေ့ မြို့ဝင်လမ်းတစ်လျှောက်တွင် AA က ဇန်နဝါရီလ ၂ ရက်တွင် မိုင်းရှင်းလင်းခဲ့ရာ မိုင်းအလုံးရေ ၁၀၀ ကျော်အထိ ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။
ထို့အတူ မောင်တောမြို့အနီးရှိ ရွှေဇားဂုံးနားရွာအပါအဝင် မွတ်ဆလင်များနေထိုင်သည့် ကျေးရွာ၊ ရပ်ကွက်များအား AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယအပတ်မှစပြီး မိုင်းရှင်းလင်းမှုပြုလုပ်ခဲ့ရာ မိုင်းအလုံး ၃၀ ကျော်ဖယ်ရှားနိုင်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - မောင်တောမြို့နယ်တွင် AA က မိုင်းအန္တရာယ်အသိပေးမှုအားတွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။