သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၁၇/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိနေရာနှစ်ခုတွင် တပြိုင်တည်း တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း သက်ကြီးပိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို အာရက္ခတပ်တော်(AA)က ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်တိုက်နယ်ရှိ အမှတ် (၃၂)ရဲတပ်ရင်းအနီးအနားနှင့် သစ်ပုတ်တောင်တိုက်နယ်ရှိ ရှောက်ချောင်းနှင့် စည်မော်ကြားရှိ အနီးအနားတောင်တန်းများတွင် ယမန်နေ့ မတ်လ ၁၆ ရက်၊ ညဉ့်အချိန်မှ ယနေ့ မတ်လ ၁၇ ရက်အထိ စစ်ကောင်စီတပ်နဲ့ AA တို့ တပြိုင်တည်း တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲမှာ ပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းအများအပြားသုံးကာ တိုက်ခိုက်နေသည်ဟု ကျောက်ဖြူမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ် ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မနေ့ကညကနေ စလို့ဖြစ်တာ။ ၃၂ ရဲတပ်ရင်းအနီးအနားမှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဖက်က ဒရုန်းလာရင် ၁၀ စီးလောက်စီ လာတာမျိုးရှိတယ်။ လက်နက်ကြီးတွေ၊ အတွဲလိုက်ကျည်နဲ့ ပစ်တယ်" ဟု ပြောသည်။
ရှောက်ချောင်းနှင့် စည်မော်ကြားရှိ အနီးအနားတောင်တန်းများတွင်ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နောက်ဆုတ်ထွက်ပြေးနေသူများလည်း ရှိနေသည်ဟု မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ရှောက်ချောင်းဖက်ကနေ စပြီးဖြစ်တာ။ စစ်ကောင်စီဖက်ကနေ နောက်ဆုတ်ပြီး ပြေးနေရတဲ့အနေအထားရှိတယ်။ လေကြောင်းကနေလည်း တိုက်တယ်။ အဓိက ဒရုန်းနဲ့ပစ်တယ်" ဟု ပြောသည်။
စစ်ကောင်စီဘက်က ဒရုန်းနှင့် ဗုံးကြဲချမှုကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ ကျေးရွာတချို့နှင့် တောင်တန်းတချို့ မီးလောင်နေပြီး အသေးစိတ်အခြေအနေကို နိရဉ္စရာက စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်းမှ ဒဏ်ရာရစစ်သားများနှင့် အသက်ကြီး၍ ထွက်မပြေးနိုင်သူ စစ်သုံ့ပန်းတချို့ကိုလည်း AA က ဖမ်းဆီးရမိထားကြောင်း မြေပြင်သတင်းအရ သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး AA က တစ်စုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်မှ နေရာအနှံ့အပြားတွင် ကြိုးဆွဲမိုင်းနှင့် မြေမြှုပ်မိုင်းများကိုလည်း ထပ်မံထောင်ထားကြောင်း သိရသည်။
ယင်းအပြင် ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာအနီးအနားရှိ လူနေကျေးရွာအများအပြားကိုလည်း ဒရုန်းများ၊ လက်နက်ကြီးများနှင့် ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေ၍ လူနေအိမ်အများအပြား မီးလောင်ပျက်စီးဆုံးရှုံးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ကျောက်ဖြူတိုက်ပွဲတွင် ဒရုန်း၊ လက်နက်ပစ်ကူပေးရန် တရုတ်ကြေးစားစစ်သားများလည်း ရောက်ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ - AA တပ်ဖွဲ့ဝင်အချို့အား ရခိုင်စစ်မျက်နှာပြင်တစ်ခုအတွင်းတွေ့ရစဉ်။ (Photo - AA Info Desk)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။