( စစ်ရေးအရရှုံးနိမ့် နိုင်ငံတကာအလယ်၌အရှက်ရနေသောအချိန်တွင် ရှက်ရမ်းရမ်းကာအငြိုးအတေး ကြီးစွာဖြင့်နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်မှုတစ်ခုအဖြစ်ရှုမြင်သုံးသပ်မိသည်ဟုဆို)
လူထက်နိုင်၊ နိရဉ္စရာ၊ မတ်၂၀/၂၀၂၅
စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် အာရက္ခတပ်တော် ( AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်သည် ယုတ္တိလုံးဝမရှိသည့်အပြင် နိုင်ငံရေးသိက္ခာချသောစွပ်စွဲချက် တစ်ခုသာ ဖြစ်ကြောင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)မှမတ်လ၁၉ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။
၎င်းအပြင်ဖက်ဆစ်အကြမ်းဖက်စစ်ရာဇဝတ်တပ်စစ်ကောင်စီသည်မိမိတို့အဖွဲ့အစည်းအားစစ်ရေး အရရှုံးနိမ့်နေသည့်ကာလဖြစ်သည့်အပြင်ပြည်တွင်း၊အိမ်နီးချင်းနိုင်ငံများနှင့်နိုင်ငံတကာ အလယ်၌အရှက်ရနေသောအချိန်လည်းဖြစ်နေသောကြောင့်ရှက်ရမ်းရမ်းကာမိမိတို့အဖွဲ့အစည်းအားအငြိုးအတေး ကြီးစွာဖြင့်နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုတစ်ခုလည်းဖြစ်သည်ဟုရှုမြင် သုံးသပ်မိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(ULA/AA)၏ ထုတ်ပြန်ချက်ထဲတွင် “ ဖက်ဆစ်အကြမ်းဖက်စစ်ရာဇဝတ်တပ်စစ်ကောင်စီ၏ဝါဒဖြန့်ချီရေးရုပ်သံများ၊သတင်းစာများနှင့်သတင်းဂျာနယ်များ၌ဖော်ပြနေသောမူးယစ်ဆေးဝါးဖမ်းဆီးရမိသည့်သတင်းတစ်ခုကိုတွေ့ရှိရပြီးအဆိုပါသတင်းတွင်မိမိတို့အဖွဲ့အစည်း၏အမည်နာမအားထည့်သွင်းထားရုံသာမကသတင်းပါ ကိစ္စရပ်များတွင်အတင်းဆက်စပ်ပတ်သက်နေသည်ဟူသောစွပ်စွဲချက်မျိုးကိုလည်းတွေ့ရှိရကြောင်း၊ စစ်ကောင်စီ၏သတင်းစာပါစွပ်စွဲသတင်းနှင့်မိမိတို့အဖွဲ့အစည်းကြားမည်သို့မျှဆက်စပ်မှုမရှိဆိုသည်ကိုအတိအလင်းပြတ်သားစွာပြောကြားလိုပါကြောင်း” ဖော်ပြထားသည်။
ဖက်ဆစ်အကြမ်းဖက်စစ်ရာဇဝတ်တပ်စစ်ကောင်စီ၏စွပ်စွဲချက်ဖြစ်သော “မူးယစ်ဂိုဏ်းတစ်ခုမှမူးယစ်ဆေးဝါးဖမ်းမိသောကိစ္စရပ်ထဲတွင်မိမိတို့အဖွဲ့အစည်းအားမဆီမဆိုင်အတင်းယိုးစွပ်သည့်စွပ်စွဲချက်" သည်ယုတ္တိလုံးဝမရှိသည့်အပြင်နိုင်ငံရေးသိက္ခာချသောစွပ်စွဲချက်တစ်ခုသာဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြားတစ်ဖက်တွင်ဤကဲ့သို့သောဒုစရိုက်မှုများ၊မူးယစ်ဆေးဝါးကိစ္စများအပြင်ခေတ်သစ်အွန်လိုင်းလိမ်လည်လောင်းကစားကျားဖျန့်ကိစ္စများမှာအကြမ်းဖက်အုပ်စုဖက်ဆစ်စစ်ကောင်စီ၏ထိန်းချုပ်ထားသောနေရာများ (နေပြည်တော်၊ရန်ကုန်၊မန္တလေး)၊စစ်ကောင်စီမှခေတ်အဆက်ဆက်လက်သပ်မွေးထားသောပြည်သူ့စစ်များကြီးစိုးထိန်းချုပ်ရာနယ်မြေများနှင့်အကျင့်ပျက်အဂတိ လိုက်စားလာဘ်ပေးလာဘ်ယူစစ်ဗိုလ်ချုပ်ကြီးများပိုင်ဆိုင်သောနေရာများတွင်သာအဓိက တွေ့ရလေ့ရှိကြောင်း၊ ဤလောင်းကစား၊မူးယစ်ဆေးဝါးကိစ္စရပ်များအားလုံးတွင်ခြစား၊လာဘ်စားစစ်ကောင်စီဗိုလ်ချုပ်ကြီးများ၏ပါဝင်ပတ်သက်နေမှုများရှိနေပြီး၎င်းတို့၏လက်ချက်များသာဖြစ်ကြောင်း၊ ဤသည်ကိုငြင်းမရသောသက်သေအထောက်အထားများမှသက်သေခံလျက်ရှိသည်မှာကမ္ဘာသိပင်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
စစ်အစိုးရ (တစ်နည်းအားဖြင့်) စစ်အာဏာရှင်အစိုးရအဆက်ဆက်တို့သည်၎င်းတို့အားခေတ်အဆက်ဆက်တွင်တော်လှန်ပုန်ကန်နေကြသူများကိုညှိနှိုင်းဆွေးနွေးရန်မလိုသောရန်ဘက်များအဖြစ်သတ်မှတ်ပြီးစစ်ရေးအရကြီးမားသောတုံ့ပြန်မှုမျိုးနှင့်အတူသတင်းအမှားအမျိုးမျိုးဖြင့်လုပ်ကြံဖန်တီးတိုက်ခိုက်ခဲ့ကြကြောင်း၊ နိုင်ငံရေးအရယိုးစွပ်တိုက်ခိုက်မှုမျိုးပေါင်းစုံကို၎င်းတို့၏သတင်းမီဒီယာ၊ရုပ်သံများမှထုတ်လွှင့်ပြသ၍ တိုက်ခိုက်ခဲ့ကြသည်မှာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အတူယခုသတင်းပါကိစ္စရပ်သည်လည်းစစ်ကောင်စီ၏မိမိတို့အဖွဲ့အစည်းအပေါ်နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်မှုမျိုးသာဖြစ်ကြောင်း (ULA/AA)မှပြောဆိုသည်။
ဥပမာအားဖြင့် - ကရင် (KNU)၊ကချင် (KIO)၊ကိုးကန့် (MNDAA) အစရှိသောတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့်တိုက်ပွဲများပြင်းထန်နေသောကာလများ၌ဆိုလျှင်မည်သည့် ကိစ္စကိုမဆိုဤအဖွဲ့အစည်းများအပေါ်အပြစ်ပုံချကာယိုးစွပ်ထိုးနှက်တိုက်ခိုက်သောဖြစ်ရပ်များ၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့နှင့်တိုက်ပွဲများဖြစ်ပွားနေပြီး၎င်းတို့စစ်ရေးအရအရေးနိမ့်နေသောအချိန်များတွင်နိုင်ငံရေးအောက်လုံး၊ထိုးနှက်ချက်၊သိက္ခာချမှုများကိုအချိန်ကိုက် ပြုလုပ်လေ့ရှိသည်မှာဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီတစ်ဖြစ်လဲစစ်အစိုးရအဆက်ဆက်၏လုပ်နေကျအကျင့်နှင့်လုပ်လေ့လုပ်ထရှိသောနိုင်ငံရေးယုတ်မာမှုပင်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ခုလက်ရှိအချိန်၌လည်းဖက်ဆစ်အကြမ်းဖက်စစ်ရာဇဝတ်တပ်စစ်ကောင်စီသည်မြန်မာတစ်နိုင်ငံလုံးအနှံ့အပြား၌၎င်းတို့၏စစ်ရေးအရအရေးပါသောတိုင်းစစ်ဌာနချုပ်များ၊ဗျူဟာစခန်းများ၊တပ်မ၊တပ်ရင်းဌာနချုပ်များတစ်ခုပြီးတစ်ခုဆုံးရှုံးနေသည့်အချိန်တွင်ဤကဲ့သို့သောမူးယစ်ဆေးဝါးကိစ္စရပ်များနှင့်အတင်းဆက်စပ်ပြီး သတင်းရေးသားထုတ်ဝေနေသည်မှာရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ကိုနိုင်ငံရေးအောက်လုံးများဖြင့်အချိန်ကိုက်ထိုးနှက်တိုက်ခိုက်သောလုပ်ရပ်၊နိုင်ငံရေးသိက္ခာချသောလုပ်ရပ်ဖြစ်သည့်အပြင်၎င်းတို့အထင်အရှားကျူးလွန်နေသောပြစ်မှုများကိုမိမိတို့အဖွဲ့အစည်းအပေါ်အပြစ်လွှဲချသောလုပ်ရပ်များသာဖြစ်သည်ဟုလည်း (ULA/AA)က ပြောဆိုသည်။
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏မိမိတို့အဖွဲ့အစည်းအပေါ်မူးယစ်ဆေးဝါးဖမ်းမိသည့်ကိစ္စနှင့်အတင်းဆက်စပ်ပတ်သက်နေသည်ဟူသောစွပ်စွဲချက်မျိုးမှာမိမိတို့နှင့်မည်သို့မျှဆက်စပ်မှုမရှိကြောင်းကိုအခိုင်အမာပြောကြားလိုက်သည်ဟုလည်း ဖော်ပြထားသည်။