Preview

ကျောက်ဖြူ နှမ်းဖဲတောင်ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်

သဉ္ဇာနွယ် | မတ် ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :3059
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၂၀/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ နှမ်းဖဲတောင်ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် အာရက္ခတပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ အမှတ် (၃၂)ရဲတပ်ရင်းမှ စစ်ကြောင်းထိုးလာသည့် အင်အား ၁ဝဝ ကျော်ပါစစ်ကြောင်းနှင့် AA တပ်ဖွဲ့ဝင်တို့သည် နှမ်းဖဲတောင်ကျေးရွာအနီးအနားတွင် ယမန်နေ့ မတ်လ ၁၉ ရက်၊ ညဉ့်အချိန်မှစတင်ကာ ယနေ့ မတ်လ ၂ဝ ရက်၊ နေ့လယ်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"သူတို့စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ဒရုန်းနဲ့လည်း ပစ်တယ်။ ပြီးတော့ နှမ်းဖဲတောင်အနီးအနားအရောက်မှာ AA နဲ့တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဖက်က အကျအဆုံးများတယ်ကြားတယ်" ဟု ပြောသည်။

အလားတူ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်သော ဓညဝတီရေတပ်ဌာနချုပ်အနီးမှ စည်မော်ကျေးရွာအနီးအနားတွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ ယနေ့တွင် တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။

စစ်ကောင်စီဖက်မှ ဒရုန်းများဖြင့် လူနေကျေးရွာအနီးအနားများကို ဗုံးကြဲတိုက်ခိုက်နေသည်ဟုလည်း နောက်ထပ်‌မြေပြင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရှောက်ချောင်းကျော်ပြီး အခုစည်မော်အထိဖြစ်နေတာ။ ဒရုန်းရော၊ လက်နက်ရောပစ်တယ်။ လက်ရှိ ဘယ်ရွာတွေမှာကျလဲဆိုတာ မသိရဘူး။ နောက်တခုက ရှောက်ချောင်းဖက်ကတိုက်ပွဲမှာ AA ဘက်က အသာစီးရနေတယ်လို့ ကြားတယ်"ဟု ပြောသည်။

စစ်ကောင်စီ၏ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာတချို့တွင်ကျရောက်ပေါက်ကွဲမှုရှိနေသည်ဟုသိရှိရပြီး အသေးစိတ်အခြေအနေကို နိရဉ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကျောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တရုတ်၏အကူအညီဖြင့် AA ကို ဒရုန်းများ ပစ်ကူပေးနေကြောင်း သိရသည်။

ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ စစ်အင်အား၊ လက်နက်အင်အား၊ နည်းပညာများပိုမိုပြင်ဆင်ထားပြီး စစ်ကြောင်းထိုးမှုများလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - AA Info Desk

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.