ကံ့ကော်နီနီ - နိရဉ္စရာ၊ မတ် ၂၁ / ၂၀၂၅
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာ နေအိမ်များကို ဝင်ရောက်ပြီး အိမ်ဝင်းအတွင်း မိုင်းများထောင်ထားခဲ့သည့်အတွက် ထိုမိုင်းများကို အာရက္ခတပ်တော်(AA)က ဦးစားပေး ရှင်းလင်းပေးစေလိုသည်ဟု ဒေသခံများက တောင်းဆိုနေကြသည်။
မြို့သိမ်းတိုက်ပွဲများဖြစ်ပွားအပြီး အိုးအိမ်စွန့်ခွာတိမ်းရှောင်နေခဲ့ရသည့် စစ်ဘေးရှောင်အများအပြားသည် မိမိတို့နေရပ်သို့ ပြန်လာနေထိုင်နေကြရာ မိမိတို့နေအိမ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုရှိလာနေသည်ဟု သိရသည်။
တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အသက်(၆၀) အရွယ် ဒေါ်တင်တင်ဦးသည် စစ်ဘေးရှောင်ရာမှ ပြန်လာပြီးနောက် ပြီးခဲ့သည့် မတ်လ ၁၇ ရက်၊ နံနက်ပိုင်းက မိမိနေအိမ်ကိုသန့်ရှင်းရေးပြုလုပ်စဉ် စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းကိုနင်းမိ၍ ပေါက်ကွဲမှုဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်၊ ရွှေဇားဂုံးနား(မွတ်ဆလင်)ကျေးရွာရှိနေအိမ်တစ်လုံးမှ မိသားစုဝင်များသည်လည်း မြို့သိမ်းတိုက်ပွဲအပြီး နေရပ်ပြန်လာပြီးနောက် စစ်ကောင်စီထောင်ထားခဲ့သည့်မိုင်းအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် နင်းမိ၍ ယင်းအိမ်မှ မွတ်ဆလင်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ယင်းသို့ ပြည်သူများနေထိုင်ရာ အိမ်ဝင်းများအတွင်းပါမကျန် မိုင်းများထောင်ထားသည့်အတွက် AA က စစ်ကောင်စီ တပ်ရင်း၊ တပ်မများအနီး ရပ်ကွက်နှင့်ကျေးရွာများ၊ တိုက်ပွဲဗဟိုပြုခဲ့ရာနေရာများမှ နေအိမ်များကို အဓိကထား ဦးစားပေးကာ မိုင်းရှင်းလင်းပေးရန် လိုအပ်ကြောင်း ပြည်သူများက ပြောသည်။
တောင်ကုတ်မြို့ခံတစ်ဦးက "လမ်းဘေးဝဲယာတွေ စစ်စခန်းတွေအနီးလောက်မှမဟုတ်ဘဲ အခုက ပြည်သူတွေရဲ့အိမ်ထဲမှာလည်း မိုင်းတွေထောင်ထားခဲ့တာတွေ့ရတယ်။ တခြားနေအိမ်တွေမှာလည်း ရှိနိုင်တယ်။ မြေမြှုပ်မိုင်းတွေက မြင်ရတာမျိုးမဟုတ်ဘူး။ တပ်တော်က အိမ်ဝင်းတွေကိုပါ သေချာစစ်ဆေးပြီး မိုင်းရှင်းလင်းပေးဖို့ တောင်းဆိုပါတယ်" ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် AA အနေဖြင့် ရခိုင်ရှိ သိမ်းပိုက်ပြီးမြို့များ၌ မိုင်းရှင်းလင်းရေး၊ မိုင်းအန္တရာယ်အသိပညာပေးဟောပြောခြင်းများ၊ ဗီနိုင်းပိုစတာကပ်ကာ သတိပေးခြင်းများကို လုပ်ဆောင်နေသော်လည်း စစ်ကျန်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရမှုရှိနေဆဲဖြစ်သည်။
နောက်ထပ် တောင်ကုတ်မြို့ခံတစ်ဦးကလည်း "မိုင်းပေါက်လို့ ထိခိုက်ဒဏ်ရာရမှုတွေလည်း ဆက်တိုက်ရှိနေတော့ ပိုပြီးထိရောက်အောင် မိုင်းရှင်းလင်းတာတွေ၊ အသိပညာပေးဟောပြောတာတွေကို ထပ်လောင်းလုပ်ပေးဖို့လိုတယ်လို့ မြင်တယ်။ တစ်ဘက်မှာလည်း ပြည်သူလူထုအနေနဲ့ အန္တရာယ်ရှိလို့မသွားဖို့တားမြစ်ထားတဲ့နေရာတွေကို ကာလတစ်ခုအထိ ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်" ဟု ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ဒေသခံရှစ်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရသွားခဲ့သည်ဟု နိရဉ္စရာ၏မှတ်တမ်းအရ သိရသည်။
ယခုမတ်လအတွင်းတွင်လည်း မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရမှုများ ဆက်ရှိနေဆဲဖြစ်သည်။
မတ်လ ၁၉ ရက်၊ ညနေပိုင်းကလည်း မင်းပြားမြို့တွင် စစ်ကျန်မိုင်းတစ်လုံးကို နင်းမိ၍ အမျိုးသမီးတစ်ဦးတွင် အပြင်းအထန် ဒဏ်ရာရရှိသွားသည်။
မတ်လ ၁၃ ရက်နေ့၊ နေ့လည် ၁၂ နာရီကျော်အချိန်ကလည်း မောင်တောမြို့နယ်တွင် မိုင်းပေါက်၍ မွတ်ဆလင်လူငယ်တစ်ဦးတွင် ဘယ်ဘက်ခြေထောက်နှင့် ဘယ်ဘက်မျက်စိဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
မတ်လ ၄ ရက်ကလည်း မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်၊ ရွှေမင်းဂံရပ်နေ ဦးရဲနိုင်စိုး၏နေအိမ်ခေါင်မိုးတွင် မြို့သိမ်းတိုက်ပွဲအတွင်းတင်ကျန်နေသည့် ဗုံးသီးတစ်လုံးသည် ခေါင်မိုးမှ ပြုတ်လာပြီးနောက် ပေါက်ကွဲမှုဖြစ်ကာ အဆိုပါရပ်ကွက်နေ မောင်အောင်မင်းဌေး(၁၄) နှစ်တွင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သေးသည်။
ဓာတ်ပုံ - အမ်းမြို့နယ်ရှိ ကျေးရွာလမ်းမတစ်ခုတွင် မိုင်းရှင်းလင်းနေသည့် AA တပ်ဖွဲ့ဝင်အချို့အား မတ်လအတွင်း တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။