နောင်မင်းသူ၊ နိရဉ္စရာ၊ မတ် ၂၁ /၂၀၂၅
ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းရှိ အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် နယ်ခြားစောင့်စခန်းဟောင်းနှစ်ခုနှင့် ကျေးရွာအများအပြားကို စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ကင်းထောက်နေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက ဒရုန်းဖြင့်ကင်းထောက်ခဲ့သည့် နယ်ခြားစောင့်စခန်းနှစ်ခုမှာ အလယ်သံကျော်ကမ်းခြေရှိ နယ်မြေ ၇ နယ်ခြားစောင့်စခန်းဟောင်းနှင့် နှခေါင်းတိုနယ်ခြားစောင့်စခန်းဟောင်းတို့ဖြစ်ပြီး ယမန်နေ့ မတ်လ ၂၀ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ကင်းထောက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါနယ်ခြားစောင့်စခန်းဟောင်းနှစ်ခုကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဇွန်လအတွင်းကပင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူ မောင်တောတောင်ပိုင်းရှိ ဥဒေါင်း၊ မောရဝတီ၊ သရီကုန်ဘောင်၊ ကင်းချောင်း၊ ရွှေဗဟို၊ ကျောက်ပန္ဒူ၊ ခရေမြိုင်၊ ဗောဓိကုန်းနှင့် ရွှေရင်အေးစသည့်ကျေးရွာအများအပြားကိုလည်း ယမန်နေ့ည ၁ဝ နာရီခန့်တွင် စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ကင်းထောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တောင်ပိုင်းမှ ဥဒေါင်းကျေးရွာဒေသခံတစ်ဦးက "ဒရုန်းပျံနေတယ်။ ဒရုန်းပျံနေတယ်လို့ ရွာသားတွေ အော်ပြောကြပြီး ဗုံးကျင်းထဲကို ပြေးသူပြေး၊ ကျူရှင်တက်နေကြတဲ့ ကလေးတွေကို မိဘတွေက အပြေးအလွှားသွားခေါ်နဲ့ အတော်လေး ရုပ်ရုပ်သဲသဲဖြစ်သွားခဲ့ကြတယ်"ဟု ပြောသည်။
စစ်ကောင်စီသည် မောင်တောမြို့ပေါ်နှင့်အနီးဝန်းကျင်နေရာအနှံ့အပြားအား ပြီးခဲ့သည့်အပတ်ကလည်း တစ်ရက်လျှင် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ တစ်နေ့လျှင် နှစ်ကြိမ်စီ လေးရက်တိုင်တိုင် ကင်းထောက်ဒရုန်းတစ်စီးဖြင့် ပျံသန်းကင်းထောက်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ကင်းထောက်ဒရုန်းများပျံသန်းမှုများကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်မှုများဖြစ်ပွားလျက်ရှိနေကြရသည်ဟု ပြောကြသည်။
မောင်တောမြိုနယ်တစ်ခုလုံးအပါအဝင် ဘင်္ဂလားဒေ့ရှ်နယ်စပ် အရှည်ကီလိုမီတာ ၂၇၁ (၁၆၈.၄ မိုင်) ကို AA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။
ဓာတ်ပုံ - စစ်ကောင်စီတပ်သုံးစွဲခဲ့သည့် ကင်းထောက်ဒရုန်းတစ်စီးအား ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လအတွင်းက AA တပ်ဖွဲ့ဝင်နှစ်ဦးနှင့်အတူ တွေ့ရစဉ်။ (Photo - AA Info Desk)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။