စောရှင်မေ၊ နိရဥ္စရာ၊ မတ် ၂၃/ ၂၀၂၅
(၁၅) ကြိမ်မြောက် " ခမီအမျိုးသားနေ့ "အထိမ်းအမှတ်အား ကြိုဆိုသည့်အနေဖြင့် ထိုင်းနိုင်ငံတွင် ဘောလုံးပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ကထုန်ဘန်မြို့နယ်၊ ဖိကစင် (၉၉) လမ်းအုန်းနိုးနိုးဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်းလည်း သိသည်။
ယခုကျင်းပသည့်ဘောလုံးပွဲသည်ထိုင်းနိုင်ငံ၌ (၄) ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။
" ခမီအမျိုးသားနေ့ "အထိမ်းအမှတ်နေ့အဖြစ် ဘောလုံးပြိုင်ပွဲကျင်းပ ရခြင်းသည် ထိုင်းနိုင်ငံရောက်ခမီလူမျိုး လူငယ်မောင်မယ်များ တစ်ဦးကိုတစ်ဦး ညီကိုမောင်နှမစိတ်ဓာတ်နှင့်ရိုင်းပင်းကူညီလိုမှု မျိုးချစ်စိတ်ဓာတ် ရှင်သန်ခိုင်မာရေး၊သွေးစည်းညီညွှတ်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အမျိုးသားရေးသွင်ပြင်လက္ခဏာမပျောက်ပျက်ရေး၊ ဘာသာစာပေယဥ်ကျေးမှုရေရှည်တည်တံ့မှုကို ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ကြောင်းဘောလုံးပွဲကော်မတီအဖွဲ့ဝင် ကိုကောင်းထိုက်ကပြောသည်။
" အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်မှ ပြည်ပကိုရောက်နေကြတဲ့ခမီများအပြင် ဌာနေတိုင်းရင်းသားများအားလုံး စည်းလုံးညီညွှတ်စေဖို့အတွက်လည်းရွယ်ရွယ်ပါတယ်။ ဧပြီလ ၂၇ ရက်နေ့ကိုရာက်တိုင်း မိမိတို့လူမျိုး၏နေ့ထူးနေ့မြတ်ဖြစ်သော မိမိတို့ ခမီအမျိုးသားနေ့တစ်နေ့ဖြစ်သည်ကို မမေ့မလျော့ဖို့ မှာကြားချင်ပါတယ် " ဟု နိရဥ္စရာကို ပြောသည်။
၎င်းပြိုင်ပွဲတွင် ဆုရရှိသည့် အမျိုးသားများအား ပထမဆု ဘတ် ၆၀၀၀၊ဆုဖလားနှင့် ရွှေဆွဲပြား၊ ဒုတိယဆု ဘတ် ၃၅၀၀၊ ဆုဖလားနှင့် ငွေဆွဲပြား၊တတိယဆု ဘတ် ၁၀၀၀ တို့ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ၎င်းပြိုင်ပွဲတွင် ဆုရရှိသည့် အမျိုးသမီးများကိုလည်း ပထမဆု ဘတ်၃၀၀၀၊ ဆုဖလားနှင့် ရွှေဆွဲပြား၊ ဒုတိယဆု ဘတ် ၂၅၀၀၊ ဆုဖလားနှင့်ငွေဆွဲပြားတို့အား ချီးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။