အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ မတ် ၂၄/၂၀၂၅
အာရက္ခတပ်တော်(AA)က ရောင်းချခွင့် ပိတ်ပင်ထားသည့်တားမြစ်ပြည်မထုတ်အရက် ပုလင်း(၁၈၀) နီးပါးကို တင်သွင်းလာသူတစ်ဦးကို အာရက္ခတပ်တော်(AA)က ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ဆမီးမြို့တွင်ဖမ်းဆီးလိုက်သည်ဟုသတင်းရရှိသည်။
၎င်းသူမှာမကွေးတိုင်းနှင့်အိန္ဒိယနိုင်ငံတို့မှ ရခိုင်သို့ ကုန်ပစ္စည်းတင်သွင်းသယ်ယူရောင်းချနေသည့်စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံကျေးရွာမှ အသက်(၄၀)ကျော်အရွယ် ဦးမောင်သာညိုဖြစ်သည်ဟု သိရသည်။
သူသည် ပြီးခဲ့သည့် မတ်လ ၂၂ရက်နေ့က မကွေးတိုင်း၊ ဆောမြို့မှ တဆင့်ဆေးလိပ်ပုံးများအထဲ၌ ပြည်မထုတ် တားမြစ်အရက်ပုလင်း ၁၇၉ ပုလင်းကို ထည့်၍ ကားဖြင့် သယ်ဆောင်လာစဉ်ဆမီးစစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ဆမီးမြို့မှ ဒေသခံတစ်ဦးကပြောသည်။
"စစ်ဆေးရေးဂိတ်မှာ ကုန်တွေကို စစ်ဆေးဖွင့်ကြည့်ရာကနေ အရက်တွေသယ်လာတာကိုဖမ်းဆီးရမိတာပါ။ ရခိုင်မှာက ပြည်မထုတ်အရက်တွေရောင်းချသုံးစွဲခွင့်ပိတ်ထားတာလေ ဥပဒေအရအရေးယူသွားမယ်လို့ သိရပါတယ်" ဟုပြောသည်။
ပလက်ဝမြို့၊ ဆမီးမြို့၊ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်တွင် GRAN အရက် ၁၁၉ လုံးနှင့် RED LABLE အလုံး ၆၀၊စုစုပေါင်း ၁၇၉ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိမှာ အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် အဆိုပါတားမြစ်ပြည်မထုတ်အရက်များသယ်ဆောင်လာသူဦးမောင်သာညိုအားထုတ်ကုန်/ သွင်းကုန် ဥပဒေအရ ဆမီးမြို့ဒီလပ်ဖွဲ့မှ အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။
ရခိုင်မှာ အာရက္ခတပ်တော် AA ကစစ်ကောင်စီထုတ်ပြည်မထွက် အရက်၊ ဘီယာ၊ ဝိုင်များနှင့် မူးယစ်သေရည်များကိုရောင်းချသုံးစွဲခွင့်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၁၉ရက်နေ့မှစတင်ကာ တားမြစ်ပိတ်ပင်ထားခြင်းဖြစ်ပြီး(၃)လအကြာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၂၀ရက်နေ့တွင် လုံးဝပိတ်ပင်တားမြစ်ခဲ့သည်ဟုသိရသည်။ Photo - We Love Paletwa