Preview

ရခိုင်တွင် စစ်ကျန်ပစ္စည်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် ပြည်သူများ ဘဝရပ်တည်ရေး ခက်ခဲနေ

စောရှင်မေ | မတ် ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :609
ရခိုင် သတင်း

စောရှင်မေ၊ နိရဉ္စရာ၊ မတ် ၂၅/ ၂၀၂၅

ရခိုင်ပြည်တွင် စစ်လက်ကျန်ပစ္စည်းများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့်ပြည်သူများသည် ဘဝရပ်တည်ရေး ခက်ခဲနေကြကြောင်း သိရသည်။

ရခိုင်တွင် အာရက္ခတပ်တော် (AA)က မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သော်လည်း စစ်ကောင်စီ၏ စစ်ကျန်လက်နက်များ ပေါက်ကွဲမှုနှင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူအများအပြားသည် ထိခိုက်သေဆုံးမှုနှင့် ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခြင်းတို့ ရှိနေကြရခြင်းဖြစ်သည်။

ထိုသို့ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးသွားသူများနှင့် သူတို့၏မိသားစုများတွင် ဘဝရပ်တည်ရေး အလွန်အခက်အခဲရှိနေကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ ဥက္ကဋ္ဌကိုဖြိုးပိုင်စိုးက ပြောသည်။

"အဓိက အမျိုးသားတွေ ထိခိုက်တာများတယ်။ အိမ်တစ်အိမ်မှာ အမျိုးသားတစ်ဦးထိခိုက်သွားတယ်ဆိုရင် ဘာမှမလုပ်နိုင်ဘဲ ထိုင်နေရတဲ့ အနေအထားရှိတာပေါ့။ အဲဒါကြောင့် လုံးလုံးကြီး အဆင်မပြေတာတွေရှိကြတယ်။ ဆေးရုံကဆင်းလာတော့လည်း အလုပ်လည်း မလုပ်နိုင်ဘူး။ မိုင်းထိသွားတဲ့မိသားစုတွေက တော်တော်အခက်အခဲရှိပါတယ်" ဟု နိရဉ္စရာကိုပြောသည်။

ထိုသို့ ထိခိုက်မှုရှိသူနှင့် သူတို့၏ မိသားစုဝင်များအနေဖြင့် ဘဝရပ်တည်ရေးအတွက် အထူးခက်ခဲနေကြ၍ အလှူရှင် အဖွဲ့အစည်းတို့၏ ထောက်ပံ့ကြေးများကိုသာ မှီခို၍ စားသောက်နေရကြောင်းလည်း ကိုဖြိုးပိုင်စိုးက ဆက်ပြောသည်။

ဂွမြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ဂွဒေသခံများသည် တောတောင်တို့ကို မှီခို၍ ဥယျာဉ်ခင်းများလုပ်ကိုင်ကြသလို ရေလုပ်ငန်းလုပ်ကိုင်သူများလည်း ရှိကြသည်။

လက်ရှိတွင် AA နှင့် အရပ်ဘက်ကူညီရေးအဖွဲ့အစည်းတို့က မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ပြီး သတိပေးစာတို့ဖြင့် ကန့်သတ်ထားကာ လုံခြုံရေးအရ မသွားသင့်သည့် နေရာများအား တားမြစ်ထားကြောင်းလည်း သိရသည်။

ရသေ့တောင်မြို့နယ်တွင်ဆိုလျှင်လည်း စစ်ကောင်စီတပ်စွဲခဲ့သည့် ရွာနှင့် နေရာအနီးတဝိုက်အား သွားလာ၍ လုပ်ကိုင်စားသောက်ကြသူအများအပြားသည် စစ်လက်ကျန်မိုင်းများကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားကြသူများပြားနေကြသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ထိခိုက်ခံစားနေရသူအများစုသည် တစ်နေ့စာတစ်နေ့ ရှာဖွေစားသောက်နေရသူများဖြစ်၍ ဘဝရပ်တည်ရ အခက်အခဲရှိနေကြကြောင်း စေတီပြင်ပရဟိတလူငယ်များအသင်းမှ ကိုအောင်မင်းစိုးက နိရဉ္စရာကို ပြောသည်။

"တောင်ကိုဝါးခုတ်ဖို့သွားရင်းနဲ့ မိုင်းနင်းမိပြီးတော့ ခြေထောက်ပြတ်သွားတယ်။ သူ့သားသမီးတွေကလည်း ကျောင်းမတက်ရတော့ဘူး။ ၁၆ နှစ်မပြည့်သေးတဲ့ သားတစ်ယောက်ကို မတတ်သာလို့ နိုင်ငံခြားကို လွှတ်လိုက်ရတယ်။ သူကလည်း စိတ်ဓာတ်တွေကျနေတာပေါ့။ ကျွန်တော်တို့က အားပေးထားရတယ်။ ထောက်ပံ့ကြေးတွေ သွားလှူတာတွေရှိတယ်။ မိုင်းနင်းမိပြီးတော့ ခြေလက်တွေ ပြတ်တောက်သွားတဲ့ မိသားစုအားလုံးကတော့ အခက်အခဲပါပဲ" ဟုပြောသည်။

blob
ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားသည့် ဦးအောင်စံဌေးအားတွေ့ရစဉ်။
ထိုသို့ မိုင်းနင်းမိသူမှာ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ အသက် ၄၁ နှစ်အရွယ် ဦးအောင်စံဌေးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် မိုင်းနင်းမိ၍ ဘယ်ခြေထောက်တစ်ဘက် ပြတ်ထွက်သွားခြင်းဖြစ်သည်။

၎င်းတွင် အမျိုးသမီးနှင့်အတူ သားသမီး လေးဦးရှိပြီး လက်ရှိတွင် ဝမ်းစာရေးအတွက် တောင်ခြေရင်း၌ တစ်နိုင်တစ်ပိုင် ဟင်းခင်းလုပ်နေပြီး သူ၏အမျိုးသမီးမှာလည်း ရခိုင်မုန့်တီ၊ ထမင်းကြော်ရောင်း၍ ဝမ်းစာရေးအတွက် ဖြေရှင်းနေရကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့ သိမ်းပိုက်ပြီးနောက် ဒေသခံစစ်ရှောင်များသည် မိမိတို့နေအိမ်သို့ သွားရောက်ပြီး သန့်ရှင်းရေးလုပ်ကြစဉ် နေအိမ်အတွင်း၌ မိုင်းနင်းမိသူများလည်း ရှိနေကြောင်း ကိုအောင်မင်းစိုးက ဆက်ပြောသည်။

"အမျိုးသမီးတစ်ယောက်ဆိုရင် သူ့ရွာကအိမ်ကို သန့်ရှင်းရေးသွားလုပ်ရင်းနဲ့ မိုင်းနင်းမိတာ။ ခြေထောက်ပြတ်သွားတယ်။ နှစ်နှစ်အရွယ်ကလေးတစ်ယောက်ရှိတယ်။ အခုရွာထဲလည်း မဝင်ရသေးဘူး။ လယ်ထဲမှာ တဲအိမ်လေးဆောက်ပြီး ဟင်းပင်အခင်းတွေ စိုက်စားနေတယ်။ ဟင်းပင်တွေကို ရောင်းစားတယ်။ ဒီလိုဖြစ်သွားတဲ့သူတွေက လုံးဝတတ်နိုင်တဲ့ မိသားစုတွေလည်း မဟုတ်ဘူး။ တစ်ရက်စာတစ်ရက် ရှာစားနေရတဲ့သူတွေများတယ်" ဟုပြောသည်။

ရသေ့တောင်မြို့နယ်ရှိ မညှင်းတောင်၊ အမျက်တောင်နှင့် ဆောက်ခတ်ရွာတို့အပါအဝင် ကျေးရွာအများအပြားတွင် မိုင်းမရှင်းရသေးသည့်အတွက် ရွာသားများကိုလည်း ရွာအတွင်း ဝင်ရောက်နေထိုင်ခွင့်မပေးသေးဟု သိရသည်။

အလားတူ သံတွဲမြို့နယ်တွင်လည်း တိုက်ပွဲကာလနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင် မိုင်းအန္တရာယ်ကြောင့် ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးခြင်းများရှိသလို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါနှင့် အသက်ဆုံးရှုံးသူ ပို၍များနေသည်ဟု ကူညီဆောင်ရွက်ပေးနေသည့် ကိုသက်လွင်ဖြိုးက ပြောသည်။

"ဒီဘက်မှာ မိုင်းအန္တရာယ်ကတော့ နည်းပါတယ်။ အဓိကတော့ လေကြောင်း အန္တရာယ်ကြောင့် ကိုယ်လက်အင်္ဂါတွေ၊ အသက်တွေဆုံးရှုံးရတာတွေရှိတယ်။ ကလေးတွေ၊ အိမ်ထောင်ဦးစီးတွေ၊ အမျိုးသမီးတွေလည်းရှိတယ်။ အသင်းအဖွဲ့တွေက ထောက်ပံ့ပေးတာတွေရှိသလို အာရက္ခတပ်တော်က ဆေးကုပေးတာတွေလည်း ရှိပါတယ်" ဟုပြောသည်။

သံတွဲ့မြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ရခိုင်တွင် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများအပါအဝင် မြို့၊ ရွာများကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲမှုများကြောင့် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရမှုများ နေ့စဉ်ဆိုသလိုရှိနေသည်။

နိရဉ္စရာက ပြုစုထားသည့်စာရင်းများအရ ရခိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နှစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲခံရမှုကြောင့် အပြစ်မဲ့အရပ်သား ၉၉ ဦးသေဆုံးပြီး ၁၁၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း မိုင်းနှင့် စက်ကျန်ဗုံးသီးပေါက်ကွဲသည့်အတွက်လည်း အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရသွားခဲ့သည်ဟု နိရဉ္စရာ၏ စာရင်းအရ သိရသည်။

ယခုမတ်လအတွင်းလည်း စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရမှုများရှိနေဆဲဖြစ်သည်။

ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားသည့် ဦးအောင်စံဌေးအားတွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.