နောင်မင်းသူ၊ နိရဉ္စရာ၊ မတ်လ ၂၅ /၂၀၂၅
အာရက္ခတော်လှန်ရေးအစိုးရသိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ကမြို့ နယ်၁၃ ခုတွင် ဒေသခံပြည်သူများစည်းကမ်းလိုက်နာမှုပိုမိုအားကောင်းလာကြောင်းသိရသည်။
မောင်တောဒေသခံတစ်ဦးက " အရင်မြန်မာအစိုးရလက်အောက်မှာနေထိုင်ခဲ့ကြတဲ့ ဒေသခံတွေ စည်းကမ်းလိုက်မှုအားနည်းခဲ့ကြတယ်။ ဥပမာ ဆိုင်ကယ်ဦးထုတ်မဆောင်းရင် ယာဉ်ထိန်းရဲကဖမ်းတယ်။ပိုက်ဆံပေးရင် ပြန်လွှတ်တယ်။ ပိုက်ဆံပေးရင် အဆင်ပြေတော့ ဆိုင်ကယ်ဦးထုတ်မဆောင်းခဲ့ကြဘူး။ အခု အာရက္ခအစိုးရအုပ်ချုပ်မှုအောက်မှာ ဒါမျိုးမရဘူး။ဘယ်သူမှ မလိုက်နာဘဲ မနေရဲကြဘူး။ ပိုက်ဆံမယူဘူး။ ထိရောက်စွာ အရေးယူတော့ စည်းကမ်းလိုက်နာလာကြတယ်”ဟု ပြောသည်။
လက်ရှိတွင် မောင်တောမြို့နယ်အတွင်း ပြည်သူများ ယာဉ်စည်းကမ်းများကို ယခင်ကထက် လိုက်နာမှုရှိလာကြသည်ဟု ဆိုသည်။
“ မောင်တောမြို့တွင်းကိုဝင်ရင် ဆိုင်ကယ်ဦးထုတ်မဆောင်းဘဲလုံးဝဝင်ခွင့်မပြုဘူး။ မောင်တောမြောက်ပိုင်း၊ တောင်ပိုင်းက လမ်းတွေမှာဆိုရင်လည်း ဆိုင်ကယ်ဦးထုတ်မဆောင်းဘဲ သွားလို့မရဘူး။ဒီတော့ ပြည်သူတွေလည်းစည်းကမ်းမလိုက်နာဘဲမသွားရဲကြတော့ဘူး။ယခင်ကထက်စည်းကမ်းလိုက်နာမှုပိုရှိလာတယ်"ဟု ၎င်းကဆက်လက်ပြောကြားသည်။
အာရက္ခပြည်သူ့ အစိုးရသည် မြို့နယ်တိုင်းတွင်လည်း အုပ်ချုပ်ရေး ကော်မတီများဖွဲ့ကာ အုပ်ချုပ်နေပြီး ရခိုင်အမျိုးသားစာရိတ္တမဏ္ဍိုင် ပြန်လည်မြင့်မားလာရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းနေရာ ပြည်သူများ စည်းကမ်းလိုက်နာမှုများမှာလည်း ယခင်ကထက် အားကောင်းလာသည်ဟု နောက်ထပ် မောင်တော ဒေသခံတစ်ဦးကလည်း ပြောသည်။
"ကျေးရွာတွေက ကျွဲ၊နွားတွေ မွေးမြူတဲ့သူတွေကို အာရက္ခပြည်သူ့အစိုးကခေါ်ယူပြီး ရွာတွင်းမှာ ကျွဲ၊နွားတွေမထားကြဖို့စည်းကမ်းသတ်မှတ်တယ်။ ရွာပြင်က မြေလွတ်၊မြေရိုင်းတွေမှာနေရာပေးပြီးထားခိုင်းတယ်။နွားခိုး၊ ကျွဲခိုးတွေကို ဖမ်းဆီးနှိမ်နှင်းတယ်။ အခုက ကျွဲနွားတွေကို ရွာပြင်မှာထားပြီး လွတ်လပ်စွာ မွေးမြူလာကြတယ်”ဟု ပြောသည်။
၎င်းပြင် ကျွဲနွားမွေးမြူသူများအနေဖြင့် ကျွဲနွားများကို ကားလမ်းပေါ်တွင် မကျောင်းရန်လည်း တားမြစ်ထားပြီး ကျောင်း၍ တွေ့ရှိပါကလည်း ထိရောက်စွာ အရေးယူသည်ဟုလည်း ပြောဆိုသည်။
AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်က နယ်မြေအများစုတွင် ခိုးဆိုးလုယက်မှုများ၊ဖောက်ထွင်းမှုများ၊ လူသတ်မှုများ၊ အရက်မူးပြီး သောင်းကျန်းမှုများလည်း ယခင်ကထက်နည်းပါးလာသည်ကို တွေ့ရသည်ဟု ပြောဆိုကြသည်။
ရခိုင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက“ စည်းကမ်းဖောက်ဖျက်ရင် ထိရောက်စွာ အရေးယူတော့ ဘယ်သူမှစည်းကမ်းမလိုက်နာဘဲမနေဝံ့ကြဘူး။ULA ထဲမှာ အုပ်ချုပ်တဲ့သူတချို့ အားနည်းချက်ရှိနေသေးပေမယ့် အများစုက အမျိုးသားရေး စိတ်ဓာတ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာတော့ အခြေအနေက အကောင်းဘက်ကို ရောက်လာပါတယ်"ဟု ဒေသခံတစ်ဦးကပြောဆိုသည်။
ရခိုင်ပြည်၌ အာရက္ခတော်လှန်ရေးအစိုးရသိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ နယ်၁၃ ခုဖြစ်သည့် ပေါက်တော၊ မင်းပြား၊မြောက်ဦး၊ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ဘူးသီးတောင်၊မောင်တော၊မြေပုံ၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်နှင့်အမ်းမြို့နယ်တို့တွင်အုပ်ချုပ်ရေးများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့်လည်း အမျိုးသားရေး စိတ်ဓာတ်ဖြင့် လိုက်နာဆောင်ရွက်နေကြသည်ဟု သိရသည်။
စစ်ကောင်စီအုပ်ချုပ်နေသည့် ရခိုင်တွင် မြို့ ၃ မြို့ ရှိနေသေးရာ ထိုအထဲတွင် ရခိုင်ပြည် မြို့တော် စစ်တွေ၏ အခြေအနေမှာ လုံခြုံရေးအဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပြီး နေ့ခင်းကြောင်တောင် လုယက်မှုများ၊ နေအိမ်များကို ဖောက်ထွင်းမှုများ၊ နေအိမ်များကို ဖြိုဖျက် ရောင်းချမှုများ ဖြစ်ပေါ်နေသည်ဟု သိရှိရသည်။