ကြိုင်ဟိန်းလင်းနိရဉ္စရာ၊ မတ် ၂၅/ ၂၀၂၅
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို ယနေ့ ညနေ ၇ နာရီကျော် အချိန်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူတချို့ သေဆုံးမှုရှိကြောင်း သိရှိရသည်။
စစ်ကောင်စီသည် အောင်ဖြူပြင်ကျေးရွာသို့ ပေါင် (၅၀၀) ဗုံးဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး၊ ၁၄ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ကနဦးသိရှိရကြောင်းဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုသည်။
သေဆုံး၊ဒဏ်ရာရရှိသူများထဲတွင် အောင်ဖြူပြင်ကျေးရွာသားများနှင့် စစ်ဘေးရှောင်များ ပါရှိသည်ဟု သတင်းများထွက်ပေါ်နေပြီးဖုန်းလိုင်းနှင့် အင်တာနက် အခက်အခဲကြောင့် လက်ရှိအချိန်ထိ နာမည်နှင့် အသက်များကို မသိရှိရသေးပါ။
နိရဉ္စရာသတင်းဌာနအနေဖြင့် သေဆုံး၊ဒဏ်ရာရရှိသွားသူများ၏ အမည်နှင့် အသက်များကို စုံစမ်းနေဆဲဖြစ်ပြီး အသေးစိပ်အချက်အလက်များကို ဆက်လက်တင်ပြသွားပါမည်။