Preview

AA စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်ပြီး တိကျစွာထုတ်ပြန်ပေးရန်ပြည်သူများလိုလား

ခိုင်လူလှ (ရိုးမမြေ) | မတ် ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :1514
ရခိုင် သတင်း

(ကလေးမိခင်များကိုပါ ၂ နှစ်စစ်မှုထမ်းရမည်ဆို၍ စိုးရိမ်မှုများဖြစ်နေကြရဟုဆို)

နိရဉ္စရာ၊ မတ် ၂၅/၂၀၂၅

အာရက္ခတပ်တော်(AA)၏ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး တိကျသော ပြဋ္ဌာန်းချက်၊ စည်းကမ်းများကို ပြည်သူများအကြား တရားဝင်အသိထုတ်ပြန်ပေးရန် လိုအပ်နေကြောင်း ဒေသခံ ပြည်သူများက ပြောဆိုလာသည်။

အမည်မဖော်လိုသူ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာဒေသခံတစ်ဦးက “အခု ကျွန်တော်တို့ဒေသမှာ စစ်မှုထမ်းရမှာ ၄၅ ရက် သင်တန်းတက်ပြီးရင် ၂ နှစ်စစ်မှုထမ်းရမယ်။ လူငယ်တွေသာမက ကလေးမိခင်တွေပါ စစ်မှုထမ်းရမယ်ဆိုတဲ့ အတွက် လူထုအကြား စိုးရိမ်မှုတွေရှိနေကြပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

တိန်ညိုရွာတွင် မတ်လ ၂၂ ရက်နေ့က AA တာဝန်ရှိသူများ ရောက်ရှိလာပြီး ရွာသားများနှင့် အစည်းအဝေးပြုလုပ်သွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“အခု လက်မှတ်ထိုးထားရတာက လူငယ် အယောက် ၃၀ ဖြစ်ပါတယ်။ ၁၀ ရက် အချိန်ပေးထားတယ်။ ၁၀ ရက်အတွင်းလာခေါ်မယ်လို့ ပြောပါတယ်။ နောက်အဖြတ်မှာတော့ ကလေးရှိတဲ့အမျိုးသမီးတွေကအစ ပါရမယ်လို့ အေအေတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ရွာကအမျိုးသမီးတွေက ကလေးနဲ့မခွဲနိုင်လို့ ငိုသူငို။ အဲသလို ဖြစ်နေပါတယ်။ ၂ နှစ် စစ်မှုထမ်းရမယ်ဆိုတော့ အိမ်ထောင်သည် ကလေးမိခင်တွေအနေနဲ့ အိမ်ကိုခွဲပြီး စစ်မှုထမ်းဆောင်ဖို့ မလွယ်ကူနိုင်ပါ”ဟု ပြောဆိုသည်။

စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး လူထုကြားတွင် အမျိုးမျိုးပြောဆိုနေမှုများ ထွက်ပေါ်နေ၍ အာရက္ခတပ်တော်အနေဖြင့် ပြဋ္ဌာန်းထားချက်ကို လူထုသို့ တရားဝင်ချပြသင့်သည်ဟု ဆိုသည်။

“ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမှာလား။ မဟုတ်ရင် တစ်အိမ်တစ်ယောက်ကျ စစ်မှုထမ်းရမှာလား။ အသက်အပိုင်းအခြားက ဘယ်ကနေ ဘယ်ထိလဲ။ အိမ်ထောင်သည်တွေကိုကော စစ်မှုထမ်းဖို့ ခေါ်မလား။ ဒါတွေကို စာနဲ့ ပေနဲ့ တရားဝင်ချပြဖို့လိုပါတယ်။ အခုက လူထုကြားမှာ အမျိုးမျိုးသတင်းတွေထွက်နေတော့ လူတွေက စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသမီးတွေပါ”ဟု ၎င်းက ပြောသည်။

ယခုလက်ရှိ AA က စစ်မှုထမ်းရန် အစည်းဝေးခေါ်ယူရှင်းပြနေရာတွင် အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်နှင့် အသက်၃၅ နှစ်အကြား၊ အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်နှင့် အသက် ၄၅ နှစ်အကြား တာဝန်ထမ်းဆောင်ရမည်ဟု ပြောဆိုထားသည်ဟု သိရသည်။

နောက်ထပ် ဒေသခံတစ်ဦးက “လူငယ်တွေ တိုင်းပြည်အတွက် စစ်မှုထမ်းရမယ်ဆိုတာ လက်ခံပါတယ်။ ကိုယ့်ပြည်ကိုယ်ကာကွယ်ရမယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ။ ဒါပေမယ့် အခုက အိမ်ထောင်သည် အမျိုးသမီးတွေ၊ ကလေးမိခင်တွေပါ စစ်သင်တန်း ၄၅ ရက် တက်ရမယ်။ ပြီးရင် ၂ နှစ် တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး သတင်းထွက်နေတော့ ဒါက မိသားစုတွေအကြား စိုးရိမ်စရာဖြစ်နေပါတယ်”ဟု ပြောဆိုသည်။

မြောက်ဦးမြို့နယ်၊ တိန်ညို၊ သပြေကန်၊ ရွှေကျွန်းပြင်၊ လိပ်ဆင်းပြင်စသည့်ကျေးရွာများတွင် စစ်မှုထမ်းရေးနှင့် ပတ်သက်ပြီး AA တာဝန်ရှိသူများက ကျေးရွာများတွင် အစည်းအဝေးများ ပြုလုပ်နေသည်ဟု သိရသည်။

ဒေသခံတစ်ဦးက “အခုကျွန်တော်မှာ သမီးလေးတယောက် ၅ နှစ်ရှိပါတယ်။ ကျွန်တော့်အမျိုးသမီးလည်း အမြဲနေမကောင်းဖြစ်နေတာတောင် အလွတ်မပေးဘဲခေါ်မယ့်ပုံစံပြောပါတယ်။ အခု ရွာကလူငယ် ၃၀ လက်မှတ်ထိုးထားရပြီး ၁၀ ရက်အတွင်း ခေါ်မယ်လို့ ပြောပါတယ်။ ဒါပြီးရင် အိမ်ထောင်ရှင် အမျိုးသမီးတွေ အလှည့်ဆိုပြီး ပြောပါတယ်”ဟု ပြောသည်။

AA စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရန် မသင့်တော်သူများ၊ မသန်စွမ်းသူများ၊ ပညာသင်ကြားနေသူများ ပါဝင်မည်မဟုတ်ဟု အေအေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးက “ ၂ နှစ်တိတိ သားသမီးတွေ၊ ရွာနဲ့ ခွဲပြီး စစ်မှုထမ်းဖို့ အိမ်ထောင်ရှင်တွေန​နဲ့ မလွယ်ကူပါ။ အိမ်ထောင်သည်တွေအနေနဲ့။ ကလေးအမေတွေကို ကိုယ့်ရပ်ရွာမှာ သင်တန်းတွေပေးပြီး ရွာမှာ ပြန်ထားမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ လူငယ်တွေကိုလည်း တစ်အိမ်တစ်ယောက်ကျဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုရင် သားသမီးတွေကို အားကိုးအားထားပြီး အလုပ်လုပ်ကိုင်နေတဲ့ မိသားစုတွေအနေနဲ့ မလွယ်ကူနိုင်ပါ” ဟု ပြောဆိုသည်။

ယခုစစ်မှုထမ်းရန် ခေါ်ဆိုနေမှုနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် ကျေးရွာအချို့တွင် အစည်းအဝေး ခေါ်ယူပြောဆိုမှုရှိနေသော်လည်း တစ်ခြားမြို့နယ်များတွင် ထိုသို့ ခေါ်ယူရန် ပြောဆိုမှုများ မရှိသေးဟု သိရသည်။

ယခု အာရက္ခတပ်တော် (AA)၏ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး အေအေပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းထားပြီး တစ်စုံတစ်ရာ အကြောင်းပြန်ပါက ဆက်လက် ဖော်ပြပေးပါမည်။

#စစ်ရေး#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.