သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၂၆/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်းနှင့် မိုင်ဝက်ခန့်အကွာသို့ အာရက္ခတပ်တော်(AA)၏ ထိုးစစ်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ အမှတ် (၃၂)ရဲတပ်ရင်းနှင့် မိုင်ဝက်ခန့်သာကွာဝေးသည့်နေရာသို့ AA ၏ ထိုးစစ်ရောက်ရှိလာသဖြင့် တိုက်ပွဲပြင်းထန်နေသည်ဟု ကျောက်ဖြူဒေသခံမြေပြင်စစ်ရေးသတင်းရင်းမြစ် အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ရဲတပ်ရင်းက စစ်ကြောင်းတွေလွှတ်တယ်။ AA နဲ့တိုက်ပွဲဖြစ်တယ်။ ပြီးရင် စစ်ကောင်စီဖက်က အကျအဆုံးများလို့ နောက်ဆုတ်ရင်း နောက်ဆုတ်ရင်းနဲ့ တဖြည်းဖြည်း AA ဖက်က ထိုးစစ်က ရဲတပ်ရင်းနဲ့ မိုင်ဝက်အကွာလောက်ရောက်လာတယ်။ တိုက်ပွဲက အသားကုန်ပြင်းတဲ့အနေအထားမှာရှိတယ်" ဟု ပြောသည်။
စစ်ကောင်စီဖက်မှ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသည့်ကြားမှ AA ၏ ရဲဝံ့စွန့်စားတိုက်ခိုက်ရဲသည့်သတ္တိကြောင့် ယခုကဲ့သို့ အမှတ်(၃၂)ရဲတပ်ရင်းအနီးဆုံးသို့ရောက်ရှိလာခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ကျောက်ဖြူမှာ စစ်ကောင်စီဖက်က ဒရုန်းအသုံးအများဆုံးပဲ။ တခြားမြို့ရဲ့တိုက်ပွဲတွေထက် ဒရုန်းများတယ်။ ဒါပေမယ့် AA ဖက်က စစ်ကောင်စီရဲ့ဒရုန်း၊ လက်နက်တွေကြားက ထိုးစစ်သဘောအနေနဲ့ သတ္တိရှိရှိတိုက်ခိုက်နိုင်လို့ ရဲတပ်ရင်းအနီးထိရောက်သွားတာ။ မိုင်းအန္တရာယ်လည်း ရှိတယ်" ဟု ပြောသည်။
အမှတ်(၃၂)ရဲတပ်ရင်းကို AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်၊ နေ့လယ်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သစ်ပုတ်တောင်တိုက်နယ်၊ ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ စည်မော်အနီးအနားဝန်းကျင်တွင်လည်း တိုက်ပွဲဆက်ရှိနေသေးပြီး AA က ရှောက်ချောင်းကျေးရွာကိုလည်း သိမ်းထားပြီဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ကျောက်ဖြူသည် တရုတ်၏ရင်းနှီးမြှုပ်နှံမှုများသည့် စစ်ကောင်စီနှင့်တရုတ်တို့၏အကျိုးစီးပွားအတွက် အလွန်အရေးပါသည့်ဒေသဖြစ်သည့်အတွက် စစ်ကောင်စီဘက်က ကျောက်ဖြူမကျစေရေး အဘက်ဘက်မှ ခုခံတွန်းလှန် တိုက်ခိုက်လျက်ရှိသည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ရခိုင့်စစ်မြေပြင်တစ်ခုအတွင်းတွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ (Photo – AA Info Desk)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။