မောင်စာဂ၊ နိရဉ္စရာ၊ မတ် ၂၉ /၂ဝ၂၅
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ လက်ဝဲသလုံးတော်ဓာတ်စေတီတော်တွင် ဉာဏ်တော်အမြင့် ၈၁ လက်မရှိ ကြေးသွန်းဆင်းတုတော်တစ်ဆူကို ထားရှိပူဇော်ရန် ပြည်နယ်စစ်ကောင်စီက ပြင်ဆင်နေသည်ဟု သိရသည်။
အဆိုပါဆင်းတုတော်မှာ ဘူမိဖဿမုဒြာအမျိုးအစား ဆင်းတုတော်ဖြစ်ပြီး လက်ဝဲသလုံးတော်စေတီတော်ရှိ ဓမ္မာရုံတွင် ထားရှိပူဇော်မည်ဟု ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ မတ်လ ၂၉ ရက်၊ နေ့လယ်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် အဆိုပါဆင်းတုတော်ကို မန္တလေးမြို့မှတဆင့် ရခိုင်သို့ ပင့်ဆောင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်တွင် ကျရောက်ခဲ့သည့် တပေါင်းလပြည့်နေ့ကလည်း အဆိုပါလက်ဝဲသလုံးတော်ဓာတ်စေတီတောတွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပြည်နယ်စစ်ကောင်စီက တင်လှူပူဇော်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်ကလည်း ရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းဦးဆောင်သောအဖွဲ့သည် ရန်ကုန်မှ ပင့်ဆောင်လာသော ရန်ကာဘုရားနှစ်ဆူကို စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်ရှိ လောကာနန္ဒာစေတီတော်ကြီးပရဝုဏ်အတွင်း စေတီတော်၏ မြောက်ဘက်တွင်တစ်ပါးနှင့် တောင်ဘက်တွင်တစ်ပါး တည်ထားပူဇော်ထားသည်။
လက်ရှိတွင် စစ်တွေမြို့အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် အာရက္ခတပ်တော်(AA)တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
စစ်တွေရှိ စစ်ကောင်စီတပ်စခန်းများဘက်မှလည်း စစ်တွေမြို့အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များရှိ ကျေးရွာများကို AA ရှိသည်အထင်ဖြင့် လက်နက်ကြီးများနှင့် လေကြောင်းများမှ ရမ်းသန်းပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ မတ်လ ၂၈ ရက်၊ အရုဏ်ဘက်အချိန်ကလည်း စစ်တွေရှိ စစ်ကောင်စီတပ်စခန်းတစ်ခုက အတွဲလိုက်ဒုံးဖြင့်ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့ရှိ ဆေးရုံအနီးကျရောက်ပေါက်ကွဲပြီး ဆေးရုံအဆောင်အချို့ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။