နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၃ /၂၀၂၅
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခြံပြင်ကျေးရွာမှ နွားပျောက်လိုက်ရှာသည့်ဒေသခံအမျိုးသားတစ်ဦးသည်လည်း ပျောက်ဆုံးနေကြောင်း သိရသည်။
ပျောက်ဆုံးနေသူမှာ အသက် ၄၀ ကျော်အရွယ် ဦးအေးထွန်းမောင်ဖြစ်သည်။
သူသည် ဧပြီလ ၂ ရက်၊ ညနေပိုင်းတွင် အိမ်ပြန်မရောက်သည့်နွားများအား လိုက်ရှာရာမှ သူပါ အိမ်ပြန်ရောက်မလာတော့ဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ခြံပြင်ကျေးရွာသားများထံမှ သိရသည်။
ခြံပြင်ရွာသားတစ်ဦးက "သူက အိမ်ပြန်မရောက်တဲ့နွားတွေကို မနေ့က ညနေ မိုးချုပ်ချိန်မှာ တစ်ယောက်တည်းသွားရှာတာ။ ရွာသူ၊ ရွာသားတွေကိုလည်း အသိမပေးဘူး။ ကျွဲ၊ နွားတွေကလည်း အိမ်ပြန်မရောက်ရင် အမြဲတမ်းရှာနေရတာဆိုတော့ အလေးအနက်မထားခဲ့ဘူး။ အခု လူပါပျောက်နေတယ်။ ဒီနေ့ ဧပြီ ၃ ရက်အထိ ရှာမရသေးဘူး"ဟု ပြောသည်။
နွားပျောက်လိုက်ရှာသည့် ဦးအေးထွန်းမောင်သည် ဦးရှည်းကျမွတ်ဆလင်ကျေးရွာဖက်သို့ ထွက်သွားရာ ARSA အဖွဲ့ထံ ဖမ်းဆီးခံထားရသည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်း ခြံပြင်ကျေးရွာသားတစ်ဦးက ပြောဆိုသည်။
"အခုအချိန်အထိ ရှာမရသေးတော့ ARSA အဖွဲ့က ဖမ်းဆီးထားတာ။ မဟုတ်ရင် အသတ်ခံလိုက်ရပြီလို့ ယူဆမိတယ်"ဟု ပြောဆိုသည်။
ခြံပြင်(ရခိုင်)ကျေးရွာမှာ ဦးရှည်းကျ၊ ငစကြူး၊ မျော့တောင်၊ ကြက်ရိုးပြင်၊ ကျားခေါင်းတောင်၊ ပွင့်ဖြူချောင်း စသည့် မွတ်ဆလင်ကျေးရွာများနှင့် အနီးစပ်ဆုံးကျေးရွာတစ်ခုလည်းဖြစ်သည်။
မတ်လ ၃၀ ရက်၊ နေ့လယ် ၂ နာရီခန့်ကလည်း မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးမြိုရွာမှ သက်ကြီးပိုင်းအမျိုးသားတစ်ဦးသည်လည်း တောထဲသို့ ဟင်းရှာသွားရာမှ ယနေ့ ဧပြီလ ၃ ရက်အထိ ပျောက်ဆုံးလျက်ရှိနေသည်ဟု သိရသည်။
ပျောက်ဆုံးနေသူမှာ အသက် ၆၈ နှစ် အရွယ် ဦးမောင်လှစိန်ဖြစ်ပြီး ယင်းနေ့က ကိုင်းကြီးမြိုရွာ၏ အရှေ့ဖက် မယူတောင်ခြေရင်းသို့ ဟင်းရှာသွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။
လက်ရှိတွင် ခြံပြင်ကျေးရွာမှ ပျောက်ဆုံးနေသည့် ဦးအေးထွန်းမောင်နှင့် ကိုင်းကြီးမြိုရွာမှ ပျောက်ဆုံးနေသည့် ဦးမောင်လှစိန်တို့အား အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များက ရွာသားများနှင့်အတူ လိုက်လံရှာဖွေလျက်ရှိသည်ဟု သိရသည်။
ဓာတ်ပုံ - မောင်တောဒေသရှိ ကျေးရွာတစ်ရွာအား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။