Preview

အပစ်ရပ်စဲရေးကတိကဝတ်ကို ချိုးဖောက်ပြီး မြန်မာစစ်တပ်က ဝေဟင်၊ မြေပြင်နှင့် ရေပြင်ကနေ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း AA ထုတ်ပြန်

ခိုင်လူလှ (ရိုးမမြေ) | ဧပြီ ၀၆/ ၂၀၂၅ | ကြည့်ရှုသူ :2475
ရခိုင် သတင်း

(နှစ်ဖက် ရင်ဆိုင်ထားသည့် စစ်မျက်နှာများဖြစ်ကြသော စစ်တွေနှင့် ကျောက်ဖြူတို့ကို အဓိကထား တိုက်ခိုက်)

နိရဉ္စရာ၊ ဧပြီ ၅/ ၂၀၂၅

စစ်ကောင်စီသည် ဧပြီလ ၂ ရက်နေ့တွင်  တစ်ဖတ်သတ် အပစ်ရပ်စဲကြောင်း သတင်းထုတ်ပြန် ကြေညာပြီးနောက် အာရက္ခတပ်တော်(AA) နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နေရသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မကွေးတိုင်း၊ ဧရာ၀တီတိုင်းတို့တွင် ကြည်း၊ရေ၊လေ  သုံးပြီး တိုက်ခိုက်မှုများကို ဆက်လက် ပြုနေကြောင်း AAမှ ယနေ့ ဧပြီ ၅ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ယနေ့ဧပြီလ (၅) ရက်နေ့ “ဖက်ဆစ် စစ်ကောင်စီမှ အာရက္ခတပ်တော်အား ကြည်း၊ ရေ၊ လေဖြင့် နေ့စဉ်ရက်ဆက်တိုက်ခိုက်လျက်ရှိသော တိုက်ပွဲသတင်းများ” ခေါင်းစဉ်ဖြင့်သတင်းထုတ်ပြန်ရာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။  

စစ်ကောင်စီသည်၂၀၂၅ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့တွင် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ သပြုတောင် ကျေးရွာ၊ ပြားတဲကျေးရွာ၊ ပြင်ရှည်ကျေးရွာအနီးပတ်ဝန်းကျင်များသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် အဓိက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။

၎င်းပြင်စစ်ကောင်စီ၏ သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင် အမှတ် (၃၂) ရဲတပ်ရင်း၊ မြေပြင်စစ်ကြောင်းများမှ အဓိကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၂) ရက်တစ်ရက်တည်းတွင် Drop Bomb အရေအတွက် (၉၀) ကြိမ်ခန့် နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၆၀) ကြိမ်ထက်မက ရှိခဲ့သည်ဟုဆိုသည်။   

ထို့အတူ နှစ်ဖက်ရင်ဆိုင်တပ်များရှိသော စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ဘက်တွင် စစ်ကောင်စီ၏ ရွှေမင်းဂံ ဆိပ်ကမ်းဘက်မှ ပေါက်တောမြို့၊ ငပြီကျွန်းဘက်သို့ (၁၂၀) မမ လက်နက်ကြီးများဖြင့် (၆) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဖော်ပြသည်။ 

၂၀၂၅ ခုနှစ်၊ ဧပြီလ (၃/၄/၅) ရက်နေ့များတွင်လည်း စစ်ကောင်စီသည်  သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင်၊ အမှတ် (၃၂) ရဲတပ်ရင်းနှင့် မြေပြင်စစ်ကြောင်းများမှအပြင် စစ်သင်္ဘော၊ ဂျက်တိုက်လေယာဉ် များကိုပါအသုံးပြုပြီး ကျောက်ဖြူမြို့နယ်အတွင်းရှိ ကြတ်တိန် (ကြတ္တိန်)၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ ဟင်းခပ်ပြင်ကျေးရွာပတ်ဝန်းကျင်များသို့ လက်နက်ကြီး၊ ဒရော့ဗုံးများအပြင် ဂျက်တိုက်လေယာဉ်၊ စစ်သင်္ဘောကြီးများပေါ်မှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ (၅) ရက်တစ်ရက်တည်း၌ Drop Bomb အကြိမ်အရေအတွက် (၆၀) ကျော် နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု (၅၀) ကြိမ်အထက်ရှိခဲ့သည်။

စစ်တွေမြို့နယ်၊ ချောင်းနွယ်၊ မင်းဂံရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့နယ်၊ မင်းလှရွာရှိ မိမိတို့ တပ်ဖွဲ့ဝင်များအား ဒရုန်းများဖြင့် နံနက် (၉) နာရီ (၂၇) မိနစ်မှ စတင်ပြီး (၂) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ (၅) ရက်၊ ညနေ (၃) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ မိမိတို့ တပ်ဖွဲ့ဝင်များရှိရာနေရာသို့ စစ်ကောင်စီသည် Y12 ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အာရက္ခတပ်တော်အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့ သည် ထုတ်ပြန်ချက်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက်တည်းတွင် ထိုးစစ်များ၊ တိုက်ပွဲများကို ဆက်လက်မပြုလုပ်တော့ဘဲ ချက်ချင်းရပ်တန့်ခဲ့ကြောင်း၊သို့သော်လည်း ဖက်ဆစ်စစ်ကောင်စီသည် ၎င်းတို့ကိုယ်တိုင် တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာသည့် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့နှင့် ၎င်းနေ့ရက်မတိုင်မီရက်များတွင်လည်း ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ အာရက္ခ တပ်တော်တပ်ဖွဲ့ဝင်များအား လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနှင့်၊ စစ်သင်္ဘောများပေါ်မှ ပစ်ခတ် တိုက်ခိုက်ခြင်းများကို ယနေ့အထိ နေ့တိုင်း ဆက်တိုက်ပြုလုပ်နေခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင်  စစ်ကောင်စီသည် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားသောနေရာများမှ အာရက္ခတပ်တော်၏ စစ်ကြောင်းများကိုလည်း နေ့တိုင်း တန်ပြန်ထိုးစစ်များ ဆင်နွှဲလျက်ရှိသည်ဟုဆိုသည်။  

စစ်ကောင်စီမှ တစ်ဖက်သတ်အပစ်ရပ်ထုတ်ပြန်ခြင်းအား မထုတ်ပြန်သေးသောအချိန် (တစ်နည်းအားဖြင့်) အင်အားပြင်းငလျင်မလှုပ်ခတ်မီအချိန်တွင်သာ မိမိတို့သည် စစ်ကောင်စီအား ထိုးစစ်၊ တန်ပြန်ထိုးစစ်၊ တုံ့ပြန်တိုက်ခိုက်မှုမျိုးကိုပြုလုပ်ခဲ့ကြောင်း၊  သို့သော် တစ်ဖက်သတ်အပစ်ရပ်ကြောင်း မိမိတို့မှ ထုတ်ပြန် ကြေညာပြီးသည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကို မိမိတို့အနေဖြင့် မည်သည့်တုံ့ပြန်မှုမျိုးမှ မပြုလုပ်ဘဲ ဒဏ်ရာရ၊ အသက်စွန့်လွှတ်ခဲ့ရသော စစ်သည်တော်များရှိသည့်တိုင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ပါအတိုင်း တိကျစွာလိုက်နာခဲ့ကြောင်းဆက်လက် ဖော်ပြထားသည်။   

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.