Preview

တစ်နိုင်ငံလုံး စစ်ကောင်စီရွေးကောက်ပွဲကို အယုံအကြည်မရှိဖြစ်နေချိန် ရခိုင်ပါတီသစ်တစ်ခု စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်လျှောက်

ကံ့ကော်နီနီ | ဧပြီ ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :3422
ရခိုင် သတင်း

ကံ့ကော်နီနီ - နိရဉ္စရာ၊ ဧပြီ ၈ / ၂၀၂၅

ရခိုင်ပြည်သူလူထုတစ်ရပ်လုံးအပါအဝင် တစ်နိုင်ငံလုံးက စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အယုံအကြည်မရှိတော့သည့်အချိန်တွင် “ရခိုင်တိုင်းရင်းသားများပါတီ”အမည်ရှိ ပါတီသစ်တစ်ခုတည်ထောင်ကာ စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်လျှောက်ထားလာကြောင်း သိရသည်။

အဆိုပါရခိုင်တိုင်းရင်းသားများပါတီ(Rakhine Nationalities Party-RNP) က ယမန်နေ့ ဧပြီလ ၇ ရက်တွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားလာကြောင်း စစ်ကောင်စီပိုင် MRTV နှင့် ဝါဒဖြန့်သတင်းစာများက ကြေညာသည်။

RNP ပါတီကို ဦးဆောင်တည်ထောင်သူများထဲတွင် ကျောက်ဖြူမြို့နယ၊် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန်လည်းပါဝင်ကြောင်း နိရဉ္စရာသတင်းဌာနက စုံစမ်းသိရှိရသည်။

RNP ပါတီ တည်ထောင်ပြီး စစ်ကောင်စီထံမှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် ဦးဘရှိန်ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်ထားသော်လည်း တစ်စုံတစ်ရာတုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် နှစ်လအတွင်း လေးပိုင်းခွဲ၍ ကျင်းပမည်ဟု မတ်လ ၂၇ ရက်နေ့ကျရောက်ခဲ့သည့် နှစ်(၈၀) မြောက် တပ်မတော်နေ့အခမ်းအနားတွင် ပြောဆိုထားသည်။

တစ်နိုင်ငံလုံး တိုက်ပွဲပဋိပက္ခဖြစ်နေချိန်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပြည်သူလူထုက စိတ်ဝင်စားနိုင်မည်မဟုတ်သလို လူတိုင်းပါဝင်နိုင်သည့်၊ လွတ်လပ်မျှတသည့်ရွေးကောက်ပွဲလည်း ဖြစ်နိုင်မည်မဟုတ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား အမတ်ဟောင်း ဦးဖေသန်းက သုံးသပ်သည်။

"လက်နက်ကိုင်တော်လှန်ရေး စိတ်မဝင်စားတဲ့သူတွေ။ မကြိုက်တဲ့သူတွေ ၊ မလုပ်ရဲတဲ့သူတွေလည်း ပါမှာပေါ့။ သူတို့ကတော့ နိုင်ငံရေးဆက်လုပ်ချင်တယ်ဆိုရင် အဲဒါကတော့ ပါတီနိုင်ငံရေးလမ်းကြောင်းကို ရွေးရမှာပေါ့။ ဒီတော့ ဒီလိုရွေးကောက်ပွဲနဲ့သွားဖို့ပေါ့နော်။သူတို့ပါတီသစ်ထောင်ကြတယ်။ ရွေးကောက်ပွဲကတော့ စစ်ကောင်စီရဲ့ထွက်ပေါက်ပေါ့။ ရွေးကောက်ပွဲပြီးရင် သူတို့လုပ်ပိုင်ခွင့်တွေရလာလိမ့်မယ်။ အဲလိုယူဆကြပါတယ်။ ဆိုတော့ ဒီနေရာမှာ လုပ်လို့ရမလား။ မရဘူးလားဆိုတာတစ်ချက်ရှိတာပေါ့။ ဘာလို့ဆိုတော့ တစ်နိုင်ငံလုံးမှာ ဆူဆူပူပူဖြစ်နေကြတယ်။ တိုက်ပွဲတွေဖြစ်နေကြတယ်။ ဒီတော့ ရွေးကောက်ပွဲဟာ ဘယ်သူမှ စိတ်ဝင်စားနိုင်မှာမဟုတ်ဘူး။ လူတိုင်းပါဝင်နိုင်တဲ့ရွေးကောက်ပွဲလည်း မဖြစ်နိုင်ဘူး။ လွတ်လပ်ပြီးတော့ မျှတတဲ့ရွေးကောက်ပွဲလည်း မဖြစ်နိုင်ဘူး။ ဖြစ်မယ်ဆိုရင်လည်း ဟန်ပြနာမည်ခံပေါ့။ အဲလိုရွေးကောက်ပွဲပဲ ဖြစ်လိမ့်မယ်" ဟု ပြောသည်။

နိုင်ငံရေးလမ်းကြောင်းမှ မသွားလို၍ အရပ်သားအစိုးရအဆက်ဆက်ကို ဖြုတ်ချပြီး အာဏာကိုဖြတ်လမ်းမှရယူခဲ့သည့် စစ်တပ်အလိုကျ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ လောင်းရိပ်မိနေသည့် ပါတီနိုင်ငံရေးလမ်းကြောင်းမှာ ဘယ်လိုမှမဖြစ်နိုင်ကြောင်းလည်း ဦးဖေသန်းကသုံးသပ်သည်။

"စစ်တပ်ကို ၂၅ ရာခိုင်နှုန်းပေးထားပြီးတော့ ဝန်ကြီးဌာန သုံးနေရာ၊ ဒုသမ္မတတစ်နေရာ By name နဲ့ပေးထားတယ်။ အဲဒါတွေကြောင့် စစ်တပ်ကသဘောမတူရင် ပြုပြင်လို့မရတဲ့အခြေအနေတွေ။ ပုဒ်မ ၂၆၁ အရ ရခိုင်အနိုင်ရပါတီက ပြည်နယ်အစိုးရဖွဲ့ခွင့်ကို စစ်တပ်ကပါ ၊ NLD အစိုးရကပါ အပြတ်သတ်အနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီကို ဝန်ကြီးချုပ်နေရာမပေးခဲ့တာတွေပေါ့။ နောက်ပြီးတော့ ကိုယ့်ဒေသရဲ့ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်၊ ခွင့်ပြုချက်တွေဟာလည်း အလွန်နည်းပါတာ။ လုပ်ပိုင်ခွင့်မရှိတာတွေ။ ပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့်ဟာလည်း မရှိသလောက်နည်းပါးခဲ့တယ်။ အဲဒီလိုနဲ့ပဲ လွှတ်တော်သက်တမ်းနှစ်ကြိမ်လုံး ကျွန်တော်တို့ နိုင်ငံရေးလမ်းကြောင်းအရ တောင်းဆိုမှုတွေ လုံးဝမရခဲ့ဘူး" ဟု ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီ၂၁ ပါတီ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၇၁ ပါတီရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - RNP ပါတီသစ်မှတ်ပုံတင်ခွင့်လျှောက်ထားမှုအား စစ်ကောင်စီထုတ်ပြန်ချက်ကို တွေ့ရစဉ်။

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.