Preview

စစ်ကောင်စီထိန်းချုပ်ဆဲ စစ်တွေတွင် မြို့ခံအများစု အငတ်ဘေးဖြင့်ကြုံနေရ

အောင်ကြွယ်ငြိမ်း | ဧပြီ ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :958
ရခိုင် သတင်း

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဧပြီ ၈/၂၀၂၅

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် ပိတ်မိနေသည့် မြို့ခံအများစုသည် အငတ်ဘေးဖြင့်ကြုံနေရသည်ဟု သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ စတင်ကာ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က လမ်းပန်းဆက်သွယ်ရေးအားလုံးကိုပိတ်ဆို့ထားသည့်အတွက် စစ်တွေမြို့သို့ ကုန်စည်စီးဆင်းမှုမရှိတော့၍ အခြေခံလူတန်းစားများတွင် ယခုကဲ့သို့ စားနပ်ရိက္ခာများပြတ်လပ်ပြီး အငတ်ဘေးဖြင့်ကြုံနေရခြင်းဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့ခံတစ်ဦးက "အခြေခံလူတန်းစားတွေ အကုန် အငတ်ဘေးနဲ့ကြုံနေရတာပါ။ လမ်းတွေကလည်း ပိတ်ထားတယ်။ ဘာမှလုပ်စားလို့မရဘူး။ အလုပ်အကိုင်ကလည်း မရှိကြဘူး။ တိုက်ပွဲကလည်း ဖြစ်နိုးနိုးနဲ့ အခုဆို တစ်နှစ်ကျော်လာတော့ အကုန်ဒုက္ခရောက်နေကြရပြီ။ အရင် ဆန်ပြုတ်သောက်နေရတဲ့အဆင့်က အခုအငတ်ဘေးနဲ့ကြုံနေရပြီ" ဟု ပြောသည်။

လက်ရှိ စစ်တွေမြို့တွင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၄၅၀၀၀၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် နှစ်သိန်းအထိ ဈေးနှုန်းရှိသည်ဟု သိရသည်။

blob

စစ်ကောင်စီတပ်က စစ်တွေမြို့မှ မြို့ခံများအတွက် ရန်ကုန်မှ စားသောက်ကုန်များကို ရေလမ်းတစ်ခုတည်းကသာ တင်သွင်းနေပြီး ထိုသို့တင်သွင်းရာတွင် ကုန်တင်စရိတ်၊ တန်ဆာခများအဆမတန်ပေးချေရသဖြင့် ဆန်နှင့် စားသောက်ကုန်ဈေးနှုန်းတို့မှာလည်း အဆမတန်မြင့်တက်လျက်ရှိသည်ဟု သိရသည်။

စက်သုံးဆီ တစ်လီတာလျှင်လည်း ကျပ် တစ်သောင်းကျော်အထိ ဈေးနှုန်းရှိနေ၍ အခြေခံလူတန်းစား ဘေးတွဲ၊ ကယ်ရီသမားများမှာလည်း အလုပ်ရပ်နားထားရကာ အလုပ်လက်မဲ့များပြားလာပြီး အလှူခံထွက်ကာ တောင်းရမ်းစားသောက်သူများပြားလျက်ရှိသည်ဟုလည်း မြို့ခံများက ပြောသည်။

စစ်တွေမြို့ရှိ ရွာကြီးတောင်၊ ရွာကြီးမြောက်၊ အုန်းတပင်၊ ဆင်ကူးလမ်း၊ လမ်းမတော်တောင်၊ ကုန်တန်း၊ ကသဲ၊ စက်ရုံစု၊ ဓညဝတီ၊ မင်းဂံစသည့် ရပ်ကွက်များမှ အခြေခံလူတန်းစားအများအပါအဝင် မွတ်ဆလင်အများအပြားမှာလည်း အလုပ်လက်မဲ့ဖြစ်နေ၍ ဝင်ငွေမရှိခြင်းတို့ကြောင့် အငတ်ဘေးဖြင့်ကြုံနေရသည်ဟု ဆိုကြသည်။

စစ်တွေမြို့မှ အခြေခံလူတန်းစားမြို့ခံများမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လကတည်းက စားဝတ်နေရေးအခက်အခဲကြောင့် ထမင်းအစား ဆန်ပြုတ်သောက်သုံးနေရသူများရှိပြီး လက်ရှိမှာ ပိုမိုခက်ခဲလာ၍ အငတ်ဘေးဖြင့်ကြုံနေရခြင်းဖြစ်သည်။

ယင်းအပြင် ငွေကြေးတတ်နိုင်သူအချို့က ထမင်းထုပ်များ၊ ဆန်များ စသဖြင့် ကူညီထောက်ပံမှုများပေးနေသော်လည်း လုံလောက်မှု မရှိသလို ထောက်ပံ့နေသူများကိုလည်း စစ်ကောင်စီတပ်က ဟန့်တားကာ ဖမ်းဆီးစစ်ဆေးမှုများရှိသည်ဟုလည်း သိရသည်။

ငွေကြေးတတ်နိုင်သည့် စစ်တွေမြို့ခံအများစုသည် ရန်ကုန်အပါအဝင် ပြည်မဘက်နှင့် လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်သွားခဲ့ကြသော်လည်း ငွေကြေးမတတ်နိုင်သည့် အခြေခံလူတန်းစားများသည် လက်ရှိအချိန်ထိ မြို့ထဲတွင် ပိတ်မိနေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစတင်ကာ စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများနှင့် AA တို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများရှိခဲ့သည်။

လက်ရှိတွင် နှစ်ဘက်စလုံး အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်မှုအချို့ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - အငတ်ဘေးဖြင့်ကြုံတွေနေရသည့် စစ်တွေမြို့ခံများအား ငွေကြေးတတ်နိုင်သူအချို့က ဆန်ထုပ်များ ကူညီထောက်ပံ့နေမှုအား တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.