သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၈/၂၀၂၅
အပစ်ရပ်ထားချိန် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးရာမှ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာအနီးအနားတွင် တိုက်ပွဲဖြစ်နေကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဧပြီ ၇ ရက်၊ ညအချိန်တွင် ငလပွေ့ချောင်းအတိုင်း ထိုးစစ်တက်လာသည့် ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်မှ စစ်ကောင်စီ၏ စစ်ကြောင်းနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းခဲ့သည်ဟု ကျောက်ဖြူဒေသခံမြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"ရေတပ်ဌာနချုပ်ကစစ်သားတွေက ငလပွေ့ချောင်းအတိုင်း ဟွန်ဒါတွေနဲ့တက်လာတာ။ ကပ်သပြေရွာကိုစစ်ကြောင်းထိုးတက်လာတာ။ အဲဒီမှာ AA နဲ့ထိတွေ့တိုက်ပွဲဖြစ်တာ။ ညဉ့်အထိတိုက်ပွဲပြင်းတယ်။ ဒီမနက်လည်း ဖြစ်ခဲ့တယ်" ဟုပြောသည်။
ယမန်နေ့ ကပ်သပြေရွာအနီးဖြစ်ခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ဆုတ်ခွာကာ ကျေးရွာအနီးအနားများတွင် ဆက်လက်ရှိနေသေးကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ဧပြီလ ၂ ရက်ကလည်း ကျောက်ဖြူမြို့နယ်အတွင်းရှိ သပြုတောင်ကျေးရွာ၊ ပြားတဲကျေးရွာ၊ ပြင်ရှည်ကျေးရွာအနီးပတ်ဝန်းကျင်များသို့ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများဖြင့် အဓိက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AA က ဧပြီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင် အမှတ် (၃၂) ရဲတပ်ရင်း၊ မြေပြင်စစ်ကြောင်းများက အဓိကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၂) ရက်တစ်ရက်တည်းတွင် ဒရော့ဗုံး အရေအတွက် အကြိမ်(၉၀)ခန့် နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု အကြိမ် (၆၀) ထက်မက ရှိခဲ့သည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောက်ဖြူတွင်ဖြစ်သည့်တိုက်ပွဲတိုင်းတွင် စစ်ကောင်စီက ဒရုန်းအားကိုး၍ တိုက်ခိုက်နေပြီး AA ရှိနိုင်သည့်နေရာများကို ထိုးစစ်ဆင်နေမှုကြောင့် တိုက်ပွဲများနေ့တိုင်းရှိနေသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"တိုက်ပွဲက တရက်ထက်တရက် နယ်မြေကျယ်ပြန့်လာတယ်" ဟုပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်ရှိ ကပ်သပြေရွာကို ဓညဝတီရေတပ်ဌာနချုပ်မှ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဒေသခံတစ်ဦး ဒဏ်ရာရသွားခဲ့ကာ နေအိမ် ၂၀ ထက်မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
ကျောက်ဖြူတွင် အမှတ်(၃၂)ရဲတပ်ရင်းအနီးအနား၊ ဓညဝတီရေတပ်ဌာနချုပ်အနီးအနားတို့တွင် စစ်ကောင်စီဖက်မှ စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် နေ့စဉ်လိုလို လက်နက်အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲများရှိနေကြောင်း သိရသည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။