နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၈ /၂၀၂၅
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရှစ်ရက်အတွင်း ARSA အကြမ်းဖက်အဖွဲ့ဝင် ၄၀ ကျော်ကို အာရက္ခတပ်တော်(AA)က ရှင်းလင်းနိုင်ခဲ့ပြီး ၁၀ ကျော်ကို ဖမ်းဆီးရမိထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ဧပြီလ ၁ ရက်မှ ယနေ့ ဧပြီလ ၈ ရက်အထိ ARSA အဖွဲ့ဝင် ၄ဝ ကျော်ကိုရှင်းလင်းနိုင်ခဲ့ပြီး ၁ဝ ကျော်ကို လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"မောင်တောမြို့နယ်မြောက်ပိုင်းက ARSA အကြမ်းဖက်အဖွဲ့ကို AA ဖက်က ဧပြီလ ၁ ရက်နေ့ကစပြီး ရှင်းရေးပြုလုပ်နေခဲ့ကြတာ။ ဒီနေ့အထိ နေရာစုံက ARSA အကြမ်းဖက်တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ကျော်ရှင်းလင်းနိုင်ခဲ့ကြတယ်။ ARSA ၁၀ ကျော်ကို လက်နက်တွေနဲ့ အတူဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရတယ်"ဟု ပြောကြားသည်။
ဧပြီလ ၄ ရက်၊ နေ့လယ်ကလည်း မောင်တောမြို့နယ်၊ လဘာဝရွာပျက်အနီး ARSA အဖွဲ့ဝင်တချို့ကို AA က ထိတွေ့ရှင်းလင်းရာ ARSA အကြမ်းဖက်သမားတစ်ဦးကို သေနတ် နှစ်လက်၊ လက်နက်ခဲယမ်းအချို့နှင့်အတူ အသေဖမ်းမိခဲ့သည်ဟု သိရသည်။
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ARSA အကြမ်းဖက်အဖွဲ့က ခပ်စိပ်စိပ်လှုပ်ရှားလာနေပြီး အပြစ်မဲ့အရပ်သားပြည်သူများအပါအဝင် AA တပ်ဖွဲ့ဝင်များကိုပါ ခြုံခိုတိုက်ခိုက်လာနေခြင်းကြောင့် AA က ယခုလို လိုက်လံရှင်းလင်းရေးလုပ်နေရခြင်းဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ရှင်းလင်းနေမှုကို AA ဘက်က သတင်းထုတ်ပြန်ထားခြင်း ယနေ့အထိမရှိသေးကြောင်း သိရသည်။
မောင်တောမြို့နယ်မြောက်ပိုင်း ခြံပြင်(ရခိုင်)ကျေးရွာမှ နွားပျောက်လိုက်ရှာသည့် အသက် ၄၀ ကျော်အရွယ် ဦးအေးထွန်းမောင်သည် ဧပြီလ ၂ ရက်၊ ညနေပိုင်းမှ ယနေ့ ဧပြီလ ၈ ရက်နေ့အထိ အိမ်ပြန်ရောက်မလာတော့ဘဲ ပျောက်ဆုံးလျက်ရှိနေကြောင်း ရွာခံများထံမှ သိရသည်။
ထို့အတူ မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးမြိုရွာမှ အသက် ၆၈ နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသားတစ်ဦးဖြစ်သည့် ဦးမောင်လှစိန်သည်လည်း မတ်လ ၃၀ ရက်၊ နေ့လယ် ၂ နာရီခန့်၌ ကိုင်းကြီးမြိုရွာ၏ အရှေ့ဖက် မယူတောင်ခြေရင်းသို့ ဟင်းရှာသွားရာမှ ပျောက်ဆုံးသွားခဲ့ရာ ယနေ့အထိ ရှာမတွေ့သေးကြောင်း ဒေသခံများက ပြောဆိုသည်။
သူတို့နှစ်ဦးကို ARSA က သတ်ဖြတ်လိုက်ပြီဟုလည်း ဒေသခံများအကြား သတင်းထွက်ပေါ်နေသည်။
ထို့အတူ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့၌ မောင်တောမြို့နယ်၊ မြဝတီကျေးရွာ နာရေးတစ်ခုမှ အောက်ဂန္ဒရူးကျေးရွာသို့ ပြန်လာကြသည့် ဘူးသီးတောင်မြို့နယ်၊ အိုဗြိုရွာမှ ဦးမောင်ဘ (၄၁) နှစ်၊ ဂုပ္ပီရွာမှ မောင်သာအေးကျော် (၁၇)နှစ်၊ အောက်ဂန္ဒရူးရွာမှ ကိုမောင်ကြီး (၂၅)နှစ်နှင့် မောင်တောမြို့နယ်၊ မြဝတီရွာမှ ကိုအောင်နိုင်ထွန်း (၁၉)နှစ်တို့လေးဦးသည် ARSA အဖွဲ့၏ သေနတ်ဖြင့် ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသည်။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်ကလည်း မောင်တောမြို့နယ်၊ တောင်ပြို-မီးတိုက်ကျေးရွာသွားလမ်းမကြီးအနီးတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင် ငါးဦးကို အင်အား ၆ဝ ခန့်ပါဝင်သည့် ARSA အကြမ်းဖက်အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့၍ AA တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့သည်။
ဓာတ်ပုံ - ဧပြီ ၄ ရက်တွင် ARSA ထံမှ AA က ဖမ်းဆီးရမိခဲ့သည့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။