Preview

AA တည်ထောင်ခြင်း ၁၆ နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုပွဲ ဂျပန်နိုင်ငံတွင် ကျင်းပ

စောရှင်မေ | ဧပြီ ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :1046
ရခိုင် သတင်း

စောရှင်မေ၊ နိရဉ္စရာ၊ ဧပြီ ၈/ ၂၀၂၅

ယခု ဧပြီလ ၁၀ ရက်တွင် ကျရောက်မည့် အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၆)နှစ်မြောက်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ဂျပန်နိုင်ငံရောက် ရခိုင်များက ဂျပန်နိုင်ငံအတွင်း စည်စည်ကားကားကျင်းပခဲ့ကြောင်း သိရသည်။

ရက္ခိုင်အစည်းအရုံး(ဂျပန်)က ဦးဆောင်ပြီး ဂျပန်နိုင်ငံရှိ တိုကျို၊ နာဂိုယာ၊ အိုဆာကာမြို့ သုံးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၆ ရက်၊ နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ တပြိုင်တည်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာရက္ခပြည် လွတ်မြောက်ရေးကို ပေးဆပ်မှုပေါင်းများစွာနှင့် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသော AA ကို ဂုဏ်ပြုချင်သည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ရက္ခိုင်အစည်းအရုံး(ဂျပန်)မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

"ဂျပန်မှာရောက်ရှိနေကြတဲ့ အာရက္ခပြည်သားတွေကို အာရက္ခအောင်လံတော်အောက်မှာ အမျိုးသားစည်းလုံးညီညွှတ်ရေး၊ အာရက္ခပြည်လွတ်မြောက်ရေးနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ တစ်ယောက်မကျန် ပါဝင်လာဖို့၊ နှိုးဆော်တိုက်တွန်းနိုင်ဖို့ ဒီဂုဏ်ပြုပွဲကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်" ဟုပြောသည်။

blob

အဆိုပါဂုဏ်ပြုပွဲအား AA ထိပ်ပိုင်းခေါင်းဆောင်အချို့က အွန်လိုင်းမှတဆင့် မိန့်ခွန်းနှုတ်ဆက်စကားပြောကြားခဲ့ကြသည်ဟုလည်း သိရသည်။

အဆိုပါဂုဏ်ပြုပွဲကို အကဖျော်ဖြေရေးအစီအစဉ်များနှင့် အာရက္ခပြည်ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကံစမ်းမဲအစီအစဉ်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဖိတ်ကြားထားသည့်ဧည့်သည်များအပါအဝင် အာရက္ခပြည်သူ လူဦးရေ ၆၀၀ ခန့် တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

blob

ယခုလို အာရက္ခတပ်တော်မွေးနေ့အား ဂုဏ်ပြုသည့်အခမ်းအနားကို ရက္ခိုင်အစည်းအရုံး(ဂျပန်) မှ လေးကြိမ်မြောက်ကျင်းမြောက် ကျင်းပရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင်လည်း ဂျပန်နိုင်ငံ၊ တိုကျို မြို့တွင် သုံးကြိမ်မြောက်ကျင်းပခဲ့ကြောင်း သိရသည်။

များမကြာမီရောက်ရှိတော့မည့် ဧပြီလ (၁၀)ရက်နေ့သည် AA တည်ထောင်ခြင်း (၁၆)နှစ်မြောက်နေ့ဖြစ်သည်။

AA ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်ရာ လိုင်ဇာတွင် မျိုးချစ်ရက္ခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၁၇ မြို့နယ်ရှိသည့် ရခိုင်ပြည်အတွင်း ၁၄ မြို့နယ်ကို AA က အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

ဓာတ်ပုံ - (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့အား ဂျပန်နိုင်ငံတွင် ဂုဏ်ပြုပွဲအခန်းအနားပြုလုပ်နေစဉ်။ (Photo - ရက္ခိုင်အစည်းအရုံး(ဂျပန်))

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.