ခိုင်လူလှ (ရိုးမမြေ)၊ နိရဉ္စရာ၊ ဧပြီ ၈/၂၀၂၅
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်အတွင်း စစ်ဘေးရှောင်နေသည့် ဂွဒေသခံတစ်ဦးကို အာရက္ခတပ်တော် (AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံရသူမှာ ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာမှ ဦးပဲလှော်ကြီး (၄၁)နှစ် (ဘ) ဦးသန်းထွန်းဖြစ်ကြောင်း သိရသည်။
သူ့အား ဧပြီလ ၆ ရက်နေ့က သူစစ်ဘေးရှောင်နေရာ ဟင်္သာတမြို့မှ (၁၃) မိုင်အကွာ တလုပ်တော် ရွာတွင် စစ်ဘေးရှောင်နေရာက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။
“သူက ဟင်္သာတ-ကွင်းကောက်လမ်းပေါ်မှာ တည်ရှိတဲ့ တလုပ်တော်ရွာကနေ တစ်ခြားဂွဒေသခံတွေနဲ့ အတူ စစ်ဘေးရှောင်နေရာကနေ သူတစ်ဦးတည်းကို ဖမ်းသွားတာပါ။ အဲဒီရွာက ဟင်္သာတမြို့ကနေ ၁၃ မိုင် ဝေးပါတယ်။ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတာပါ”ဟု ပြောသည်။
လက်ရှိ ဦးပဲလှော်ကြီးအား မည်သည့်နေရာသို့ ခေါ်ယူသွားသည်ကို မသိရသေးသလို အဆက်အသွယ်လည်း မရသဖြင့် စိုးရိမ်နေရသည်ဟု ဆိုသည်။
၎င်းပြင် ဧရာ၀တီတိုင်းတွင် စစ်ဘေးရှောင်နေသူ ရခိုင်ဒေသခံများအနေဖြင့် စစ်ပွဲမရှိတော့၍ ရခိုင်သို့ ပြန်လျှင်လည်း ဖမ်းဆီးခံရမှုများရှိနေကြောင်း သိရှိရပြီး အနည်းဆုံး လူပေါင်း ၅၀ ခန့် ဖမ်းဆီးခံနေရကာ အများစုကို ငသိုင်းချောင်းမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိရသည်။