နောင်မင်းသူ၊နိရဉ္စရာ၊ဧပြီ၁၄/၂၀၂၅
ရခိုင်မျိုးနွယ်စုဝင်သက္ကမ(ဒိုင်းနက်)လူမျိုးတို့၏ ရိုးရာဓလေ့ပန်းမျှောပွဲတော်ကို မောင်တောမြို့နယ်မြောက်ပိုင်းကကျေးရွာတစ်ခုတွင်အကျဉ်းချုံးကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
နှစ်စဉ်နှစ်တိုင်းရိုးရာစဉ်လာမပျက်ကျင်းပလေ့ရှိသည့်ပန်းမျှောပွဲတော်ကို ဧပြီ၁၃ရက်သင်္ကြန်အကြိုနေ့တွင်ကျင်းပခဲ့ပြီးဒေသအတွင်းကသက္ကမ(ဒိုင်းနက်) လူမျိုးလူငယ်မောင်မယ်များပါဝင်ဆင်နွှဲခဲ့ကြသည်ဟုသိရသည်။
"ဒီနှစ်ပန်းမျှောပွဲတော်ကိုယခင်နှစ်တွေကလောက်စည်ကားစွာမကျင်းပနိုင်ခဲ့ကြဘူး။ အဓိက လေကြောင်းအန္တရယ်ကိုစိုးရိမ်တာကြောင့်ပါ"ဟုပွဲတော်ကျင်းပရေးကော်မတီဝင်တစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောကြားသည်။
ထေရဝါဒဗုဒ္ဓဘာသာဝင်သက္ကမ(ဒိုင်းနက်)လူမျိုးများ၏ရိုးရာပန်းမျှောပွဲတော်မှာနှစ်သစ်ကူးသင်္ကြန်အခါတော်နေ့အားကြိုဆိုသောအားဖြင့်ကျင်းပသည့်ပွဲတော်တစ်ခုဖြစ်ပြီးချောင်းရေထဲ၌ ပန်းပွင့်များနှင့်အတူဆီမီး၊နံ့သာ၊ဖယောင်းတိုင်များထွန်းညှိပြီးချောင်း၌ရေမျှောကာ ချောင်းစောင့်နတ်အားတိုင်တည်ဆုတောင်းကြရသည့်ရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်းသက္ကမ(ဒိုင်းနက်) လူကြီးတစ်ဦးကပြောဆိုသည်။
"ပန်းမျှောပွဲကိုမနက်နေထွက်ချိန်မှာကျင်းပရတာပါ။ဘုန်းတော်ကြီးကျောင်းဝင်းကဘုရားဆင်းတုတော်ရှေ့မှာပန်းကိုင်ဦးခိုက်ပြီးပထမဆုတောင်းရတယ်။ပန်းတွေကိုရေဇလာထဲမျှောဖို့ချောင်းစပ်ရှိရာသွားကြရပါတယ်။အဲ့လိုသွားကြချိန်မှာသာသနာ့အလံကိုင်သူကဦးဆောင်ရပြီးသက်ကြီးပိုင်းနဲ့ရာထူးကြီးသူတွေ၊အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေကိုရှေ့ဆုံးမှာထားကြရတယ်။အဲဒီနောက်မှာရိုးရာဝတ်စုံဝတ်ဆင်ထားကြတဲ့လုံမပျိုတွေကရောင်စုံပန်းတွေကို ကိုင်ဆောင်ပြီးစီတန်းလိုက်ပါကြရပါတယ်။နောက်ကလူပျိုတွေနဲ့အမျိုးသားတွေကလိုက်ပါကြရတယ်။ ချောင်းစပ်ကိုရောက်တဲ့အခါကိုယ်၏ ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းနဲ့ပြည့်ဝစေဖို့၊ကံကောင်းခြင်းတွေဆောင်ကျဉ်းပေးဖို့နဲ့ဆန်ရေစပါးပေါများပြည့်ဝစေဖို့ချောင်းစောင့်နတ်ဆီမှာဆုတောင်းကြရတာဖြစ်ပါတယ်"လို့ရှင်းပြပြောဆိုသည်။
ပန်းမျှောပွဲတော်အခမ်းအနားသို့ ULA/AA ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး ဒိုင်းနက်လူမျိုးများ၏ရိုးရာပန်းမျှောပွဲတော်ကို ဂုဏ်ပြုကြိုဆိုချီးမွှမ်းစကားများပြောကြားခဲ့ကြသည်ဟုသိရသည်။
နောင်ကာလများတွင်လည်းရခိုင်မျိုးနွယ်စုများ၏ရိုးရာပွဲတော်များအားဒီထက်မကပိုမိုကောင်းမွန်အောင်ဆင်ယင်ကျင်းပနိုင်ရေးထောက်ပံ့မှုများတိုးမြှင့်လုပ်ဆောင်ပေးသွားမည်ဟုပြောကြားခဲ့ကြကြောင်းဒေသခံများထံမှသိရသည်။
လက်ရှိမောင်တောမြို့နယ်တွင်သက္ကမ(ဒိုင်းနက်) ကျေးရွာ၁၂ရွာခန့်နှင့်ဘူးသီးတောင်မြို့နယ်တွင်ကျေးရွာ၂၀ရှိခန့်ကြောင်းလည်းသိရှိရသည်။
စစ်ကောင်စီ၏ဂျက်တိုက်လေယာဉ်များသည်မောင်တောမြို့ပေါ်တွင်ပျဲဝဲမှုများရှိနေသဖြင့်ပွဲတော်အားအကျဉ်းချုံးကျင်းပခဲ့ကြပြီးပွဲတော်အားရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီအောင်မြင်စွာကျင်းပခဲ့ကြသည်ဟုသိရသည်။
စစ်ကောင်စီဂျက်တိုက်လေယာဉ်နှစ်စီးသည်မောင်တောမြို့ပေါ်နှင့်နယ်စပ်ကျေးရွာများသို့ဧပြီလ၁၁ရက်နေ့မနက်အာရုံ၁နာရီကျော်၌တစ်ကြိမ်၊ ဧပြီလ၁၂ရက်မနက်၁၀နာရီတွင်လည်းဂျက်တိုက်လေယာဉ်တစ်စီးတစ်ကြိမ်၊ ယနေ့ဧပြီ၁၃ရက်နေ့မနက်၉နာရီခန့်၌တစ်ကြိမ်လှည့်ပတ်ပျံသန်းမူများပြုလုပ်ခဲ့သဖြင့် ဒေသခံများစိုးရိမ်မူမြင့်တက်ခဲ့ကြရသည်ဟုဆိုသည်။
ဓါတ်ပုံ= APM