Preview

မကွေးတိုင်း မင်းတုန်းမြို့တွင် ရခိုင်အမျိုးသား ၂ ဦးအပါအဝင် ၄ ဦးဖမ်းဆီးခံရ

သဉ္ဇာနွယ် | ဧပြီ ၁၇/ ၂၀၂၅ | ကြည့်ရှုသူ :2035
ရခိုင် သတင်း

သဉ္ဇာနွယ်- နိရဉ္စရာ၊ဧပြီ ၁၇/၂၀၂၅

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ရခိုင်အမျိုးသား ၂ ဦးအပါအဝင် အရပ်သား၄ ဦးဖမ်းဆီးခံရကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ရခိုင်ပြည်၊အမ်းမြို့နယ်၊ဒိုင်ကြီးကျေးရွာမှ ကိုမောင်ဆန်းဌေး၊ကိုခင်မောင်ချိုနှင့် မကွေးတိုင်း၊မင်းဘူးမြို့နယ်မှ ကိုအေးမင်းထွန်းနှင့် ကိုကိုကြီးတို့ဖြစ်ကြသည်။

၎င်းတို့သည်မင်းတုန်းမြို့အဝင်အနီး၊ကန်ဒုတ်ဂိတ်တွင်ဧပြီ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီထံ ဖမ်းဆီးခံလိုက်ရသည်ဟုမင်းတုန်းဒေသခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" သဖန်ရောင်ဖက်ကိုသွားရင် အဲဒီမှာကန်ဒုတ်ဂိတ်ဆိုတာရှိတယ်။အဲ့ဒီဂိတ်မှာ ဖမ်းဆီးခံရတယ်။သူတို့မှာ ကုန်ပစ္စည်းတွေပါလာတယ်။ဆေးဝါးတွေပါတယ်။ သောက်ဆေး၊ထိုးဆေးတွေ။အဲ့ဒီဂိတ်မှာ စောင့်နေတဲ့ စစ်သားတွေက ဖမ်းသွားတာ။ ဒီနေ့အထိမလွတ်သေးဘူး" ဟု ပြောသည်။

အဆိုပါကုန်ပစ္စည်းများသည် အမ်းမြို့နယ်ဖက်ကို ပို့မည့်ကုန်ပစ္စည်းများဖြစ်သဖြင့် စစ်ကောင်စီမှ ပစ္စည်းနှင့်လူများကိုဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု  ပဒါန်းဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

" အရင်က အမ်းနဲ့မကွေးက ကူးသန်းရောင်းဝယ်ရေးလုပ်ကြတယ်။ အမ်းကို AAကသိမ်းလိုက်ပြီဆိုတော့ စစ်ကောင်စီထိန်းချုပ်ထားသေးတဲ့ ဒီမကွေးကနေပြီးရခိုင်ဖက်ကို ဘယ်သူမှမသွားရဘူး။လမ်းတွေလည်းပိတ်ထားတယ်။တွေ့ရင်ဖမ်းတယ်။အရင်လည်းမကြာမကြာဖမ်းတယ်" ဟုပြောသည်။

‌ဒေသခံများမှာစားဝတ်နေရေးကျပ်တည်းမှု၊ ကျန်းမာရေးအခြေအနေ ‌ဆေးဝါးရှားပါးမှုကြောင့်အခက်ခဲဖြစ်နေကြပြီး အသက်အန္တရာယ်ကြားက စစ်ကောင်စီထိန်းချုပ်ထားသည့်နယ်မြေအထိ ခက်ခဲစွန့်စားကာ ကုန်ရောင်း/ကုန်ဝယ်ပြုလုပ်နေကြရသည်ဟု ဒေသခံများက ပြောသည်။

အမ်းဒေသခံရခိုင်လူမျိုးများမှာလည်း အမ်းမြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပဒါန်းနှင့် မင်းဘူးစသည့်နေရာများကို စစ်ဘေးရှောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ နေထိုင်မှုအဆင်မပြေသည့်အပြင် စားဝတ်နေရေးကျပ်တည်းမှု၊ စစ်ကောင်စီ၏ဖမ်းဆီးခံရမှု၊ နေရပ်ပြန်ခွင့်မပြုခြင်းတို့ကြောင့် အခက်အခဲဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည်ရခိုင်သို့  ကုန်ပစ္စည်းများသယ်ယူခွင့်ကို ပိတ်ပင်ထားပြီး  တော်လှန်ရေးတပ်ဖွဲ့ထံ ရောက်မည်စိုးရိမ်ကာ ယခုကဲ့သို့အပြစ်မဲ့ပြည်သူများကို အကြောင်းပြချက် အမျိုးမျိုးပြကာ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.