Preview

ရခိုင်လွတ်မြောက်နယ်မြေအချို့တွင် အရပ်သားများ စကားပြောစက်သုံးစွဲလာမှု လေကြောင်းအန္တရာယ်ကျရောက်နိုင်

မောင်စာဂ | ဧပြီ ၁၈/ ၂၀၂၅ | ကြည့်ရှုသူ :1170
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၁၈ /၂ဝ၂၅

ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့် ရခိုင်ရှိ လွတ်မြောက်နယ်မြေအချို့တွင် အရပ်သားများသည် ဝေါ်ကီတော်ကီဟုခေါ်သော စကားပြောစက်များကို ယခုနောက်ပိုင်း အသုံးပြုလာနေပြီး ယင်းသို့ သုံးစွဲမှုသည် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို ကျရောက်နိုင်သည်ဟု သိရသည်။

ရခိုင်တစ်ပြည်လုံးနီးပါးတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့်အတွက် အချို့မြို့များနှင့် ကျေးရွာများတွင် အချင်းချင်း ဆက်သွယ်ပြောကြားနိုင်ရန် ယခုနောက်ပိုင်း အဆိုပါစက်များကို အရပ်သားများက ဝယ်ယူသုံးစွဲမှုရှိလာနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါစက်များအနက် အချို့စက်များတွင် ဖုန်းဆင်းကတ်မလို၊ ဖုန်းဘေလ်မလိုဘဲ သုံးမိုင်ခန့်အကွာအဝေးအတွင်းသာ ဆက်သွယ်ပြောကြား၍ရနိုင်သည်ဟု သုံးစွဲသူများက ပြောသည်။

အထိုင်စက်တပ်ဆင်ထားပါက ယင်းထက် မိုင်အကွာအဝေးအများကြီး ပြောကြား၍ရသည်ဟုလည်း ဆိုကြသည်။

သို့သော် အဆိုပါစက်ကို သုံးစွဲခြင်းဖြင့် သုံးစွဲသူ၏ တည်နေရာများကို စစ်ကောင်စီဘက်က ဂြိုလ်တုမှတဆင့် ခြေရာခံရရှိနိုင်သည်ဟု အာရက္ခတပ်တော်(AA)အရာရှိတစ်ဦးက နိရဉ္စရာကို ပြောသည်။

“အဲဒီစက်တွေက တည်နေရာတွေကို သိနိုင်တယ်။ အဲလို စိုးရိမ်စရာတွေရှိနေလို့ အဲဒီစကားပြောစက်တွေနဲ့ ပြောနေတဲ့နေရာတွေကို ခြေရာခံပြီး မလုံခြုံဘူး။ အဲဒီစကားပြောစက်တွေက လေကြောင်းအန္တရာယ်တွေကို ပိုပြီးကြောင့်ကြရတယ်။ အဲဒီစက်တွေနဲ့ စကားပြောရင် တည်နေရာမပြောဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

အဆိုပါစက်များကို လက်ရှိတွင် ရခိုင်ရှိ လွတ်မြောက်နယ်မြေများနှင့် တော်လှန်ရေးနယ်မြေများ၌ တော်လှန်ရေးတပ်ဖွဲ့များမှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များကသာ များသောအားဖြင့်သုံးစွဲတတ်ကြသည်ဟု သိရသည်။

အဆိုပါနယ်မြေများတွင် အရပ်သားများက ယခုကဲ့သို့ သုံးစွဲနေခြင်းဖြင့် စစ်ကောင်စီက စစ်ဘက်၊ အရပ်ဘက်ခွဲခြားမသိနိုင်ဘဲ မထင်လျှင် မထင်သလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လာနိုင်သည့်အတွက် အရပ်သားများ သုံးစွဲမှုသည် အလွန်အန္တရာယ်ရှိသည်ဟု သူက ဆက်ပြောသည်။

“ဖုန်းဆင်းကဒ်တွေနဲ့ ပြောတာထက်ပိုပြီး ဆိုးတယ်။ ဘယ်နားမှာ ပြောနေလဲဆိုတာ ချက်ချင်း ရန်သူဘက်က ဖမ်းလို့ရတယ်။ အရပ်သားသုံးတယ်ဆိုတာကို စစ်ကောင်စီသိမှာမှ မဟုတ်တာ။ ဒါတွေက စစ်ဘက်က လူတွေသုံးတယ်လို့ပဲ တန်းသိမှာလေ”ဟု ပြောသည်။

blob

အဆိုပါစက်များကို တော်လှန်ရေးနယ်မြေများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးစွဲရာတွင်လည်း စစ်ကောင်စီက တည်နေရာကို မသိရှိနိုင်စေရန် နည်းပညာအရ ပြန်လည်ပြုပြင်ပြီး သုံးစွဲကြရသည်ဟု သိရသည်။

အဆိုပါစကားပြောစက်များကို ပရဟိတလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်နှင့် တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အထပ်မြင့်အဆောက်အဦများတွင်လည်း အသုံးများကြသည်ဟု သိရသည်။

အဆိုပါစက်ကိုသုံးစွဲနေရသည့် ရခိုင်လူငယ် အင်ဂျင်နီယာတစ်ဦးကလည်း “ဘာပဲဖြစ်ဖြစ် သတိထားပြီးသုံးရင်တော့ ပိုကောင်းတာပေါ့။ ကိုယ့်ဟာကိုယ် ပြန်ပြင်ဆင်ပြီး သုံးရင်လည်း ကောင်းတယ်။ နောက် အရပ်သားတွေကိုလည်း ဗရမ်းဗတာတော့ မသုံးစေချင်ဘူး။ ကိုယ့်လုပ်ငန်းအတွက်လောက်ပဲသုံး။ လုပ်ငန်းစကားလောက်ပဲ ပြောပေါ့။ နိုင်ငံရေးစကားတွေ မပါစေနဲ့ပေါ့။ ဒီမှာလည်း သုံးနေကြတယ်။ ဒီမှာလည်း အားလုံး တစ်ယောက်နဲ့ တစ်ယောက် ဒီစက်တွေနဲ့ပဲ ဆက်သွယ်ပြီး လုပ်နေကြတယ်။ ဘာလို့ဆို လိုင်းတွေကပိတ်ထားတော့ ဒီတစ်ခုက အသုံးဝင်နေတယ်လေ”ဟု ပြောသည်။

စကားပြောစက် နှစ်လုံး(တစ်စုံ)ကို ကျပ် သုံးသိန်းခန့်သာရှိ၍လည်း ရခိုင်လွတ်မြောက်နယ်မြေအချို့တွင် ဝယ်ယူအသုံးပြုမှုများပြားလျက်ရှိသည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခ၏သဘောထားအား သိရှိနိုင်ရန် နိရဉ္စရာမေးမြန်းထားသော်လည်း အကြောင်းပြန်ကြားမှုမရှိသေးပါ။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့၊ နံနက်ပိုင်းကလည်း ကျောက်တော်မြို့ရှိ ပြည်သူများနေထိုင်ရာ ရွာမရပ်ကွက်ထဲသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်အတွင်း အမျိုးသမီးငယ်သုံးဦးဒဏ်ရာရပြီး နေအိမ်ငါးလုံးထက်မနည်း ပြိုကျပျက်စီးသွားခဲ့သည်ဟု သိရသည်။

ရခိုင်တွင် ယခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ သုံးလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ၁ဝ၉ ဦးသေဆုံးပြီး ၁၄၁ ဦးဒဏ်ရာရသွားခဲ့သည်ဟု နိရဉ္စရာ၏မှတ်တမ်းများအရ သိရသည်။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.