ကံ့ကော်နီနီ - နိရဉ္စရာ၊ ဧပြီ ၁၉ / ၂၀၂၅
အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် သံတွဲမြို့အနီး ပင်လယ်ပြင်တွင် စစ်ကောင်စီနေဗီများ အသွားအလာရှိနေဆဲဖြစ်၍ ဒေသတွင်းငါးဖမ်းသမားများသည် စိတ်ချလုံခြုံစွာ ငါးဖမ်းရှာဖွေမှုမပြုလုပ်နိုင်သေးကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီနေဗီများသည် သံတွဲဒေသရှိ ငါးဖမ်းဇုန်များရှိရာ ပင်လယ်ပြင်တွင် ရံဖန်ရံခါ သွားလာမှုရှိသေးသောကြောင့် ငါးဖမ်းသမားများအနေဖြင့် စိတ်ချလုံခြုံစွာ ရှာဖွေခွင့်မရသေးခြင်းဖြစ်ကြောင်း သံတွဲဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"နေဗီတွေက တခါတလေ ပင်လယ်ပြင်မှာတွေ့နေရသေးတယ်။ အရင်လောက် အသွားအလာမများတော့ပေမယ့် ရောက်လာနေသေးတယ်။ အဲလိုရှိနေသေးတော့ ငါးဖမ်းသမားတွေလည်း လုံးဝ လွတ်လွတ်လပ်လပ်ရှာဖွေတာတွေ မလုပ်နိုင်သေးတာပါ" ဟု ပြောသည်။
ယင်းကဲ့သို့ နေဗီများအသွားအလာရှိ၍ ဒေသခံ ငါးဖမ်းလုပ်ငန်းများ၏ လုံခြုံရေးအတွက် အာရက္ခတပ်တော်/ အာရက္ခပြည်သူ့အစိုးရက ကမ်းနီးနေရာများတွင်သာ ငါးဖမ်းရှာဖွေခွင့်ပြုထားကြောင်း သူက ဆက်ပြောသည်။
"တပ်တော်ဘက်က ငါးဖမ်းလုပ်သားတွေ လုံခြုံရေးအတွက် ကန့်သတ်ထားတယ်။ ကမ်းနီးနေရာတွေမှာပဲ ငါးဖမ်းရမယ်ဆိုတာမျိုးပေါ့"ဟု ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီနေဗီများသည် မည်သည့်နေရာမှလာရောက်ကာ မည်သည့်နေရာသို့သွားလာနေသည်ဆိုသည်ကို ဒေသခံများအနေဖြင့် မသိနိုင်ဟုလည်း ပြောဆိုကြသည်။
သံတွဲမြို့နယ်မှ နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်စခန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် AA က အပြီးသတ်သိမ်းပိုက်ပြီး ငါးဖမ်းဇုန်များတည်ရှိရာ သံတွဲမြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်ထားခဲ့သည်။
လက်ရှိတွင် အာရက္ခပြည်သူ့အစိုးရက သံတွဲဒေသစစ်ဘေးသင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနှင့် ပညာရေးကဏ္ဍများကို ဆောင်ရွက်ပေးလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
သို့သော်လည်း စစ်ဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာလိုအပ်ချက် အများအပြားရှိနေသေးကြောင်း ပြောဆိုကြသည်။
ဓာတ်ပုံ - ငပလီကမ်းခြေတွင်တွေ့ရသည့် အာရက္ခတပ်တော်စစ်သည်များ/ AA info desk
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။