(AA သည် ကျောက်ဖြူမြို့ပြင်ပရှိ ကျေးရွာအုပ်စု ၅၄ ခုအနက် ၅၀ အုပ်စုကို ထိန်းချုပ်ထားပြီး မြို့နယ် တစ်ခုလုံးကိုသိမ်းယူနိုင်ရန် စစ်ရေးအင်အားအပြည့်ရှိနေပြီဟုဆို)
ခိုင်လူလှ (ရိုးမမြေ)- နိရဉ္စရာ၊ ဧပြီ ၂၃/ ၂၀၂၅
စစ်ကောင်စီသည် ရခိုင်ရှိ တရုတ်စီမံကိန်းများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅၇၅သန်းကျော်ရရှိနေ၍ သက်ဇိုးရှည်နေစေခြင်းဖြစ်ကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ ( Arakan Oil Watch) ၏ ၂၀၂၅ ခုနှစ် ဧပြီလတွင် ထုတ်ဝေသည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။
၎င်းအစီရင်ခံစာကို ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့က “တောက်လောင်နေသည့် ကျောက်ဖြူ၏ ပဋိပက္ခများ”/ “ခြိမ်းခြောက်ခံနေရသည့် တရုတ်၏ စီမံကိန်းများနှင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်” ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သည်။
အစီရင်ခံစာထဲတွင် “ ကျောက်ဖြူသည် စစ်ကောင်စီတပ်ရှိနေသေးသည့် ရခိုင်ပြည်ရှိ မြို့နယ် သုံးခုအနက် တစ်ခုဖြစ်ပြီး ၎င်းသည် ရခိုင်ပြည်တွင်းတိုက်ပွဲ၏ ရလဒ်သက်ရောက်မှုသာမက တစ်နိုင်ငံလုံးအတွက်လည်း အရေးပါသော စီးပွားရေးနှင့် နိုင်ငံရေး အခန်းကဏ္ဍတွင်ရှိသည်”ဟု ဖော်ပြသည်။
တရုတ်နိုင်ငံသို့ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ပင်လယ်ရေနက်ဆိပ်ကမ်းမှ ရေနံပို့ဆောင်မှုများနှင့် ပိုက်လိုင်းများမှ သဘာဓာတ်ငွေ့တင်ပို့ ရောင်းချမှုများသည် နှစ်စဉ်တန်ဖိုးအားဖြင့် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၇ ဘီလီယံအထိ ရှိသည်။
၎င်းအထဲမှ စစ်ကောင်စီသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅၇၅ သန်းကျော်ရှိသော နိုင်ငံခြားငွေ အရင်းအမြစ်များကို ရရှိနေသည့် အတွက် ၎င်းတို့ကို သက်ဆိုးရှည်စေခဲ့သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
စီမံကိန်းဧရိယာများကို စစ်တပ်ထိန်းချုပ်မှု ဆုံးရှုံးသွားလျင် လက်ရှိ ဝင်ငွေစီးကြောင်းများကို စိန်ခေါ်နိုင်မည် ဖြစ်ပြီး တောင်ကိုးရီးယားနှင့် အိန္ဒိယကုမ္ပဏီများ ပါဝင်ပတ်သက်နေသောရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်းအပါအဝင် ကျောက်ဖြူမြို့နယ်ရှိ အခြားစီမံကိန်းများ စီမံခန့်ခွဲမှုတွင် စစ်ကောင်စီ၏ နိုင်ငံရေး ဂုဏ်သိက္ခာကျဆင်းမှု ကြီးမားစွာဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ပြောဆိုထားသည်။
မြန်မာနိုင်ငံမှ ရေနံနှင့် သဘာ၀ဓာတ်ငွေ့တင်သွင်းမှုများသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်းနှင့် သဘာ၀ဓာတ်ငွေ့တင်သွင်းမှု စုစုပေါင်း ၂ ရာခိုင်နှုန်းခန့်သာဖြစ်သော်လည်း ကျောက်ဖြူသည် အိန္ဒိယ သမုဒ္ဒရာတွင် တရုတ်နိုင်ငံ ခါးပတ်လမ်းစီမံကိန်း (BRI) အတွက် များစွာအရေးပါသည်ဟု အစီရင်ခံစာက ဆိုသည်။
BRI စီမံကိန်းကို အထူးချဲ့ထွင်ရန် မြန်မာနှင့် တရုတ်တို့အကြား သဘောတူညီမှုများရှိထားပြီး ထိုသဘောတူညီမှုများတွင် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ တန်ဖိုးရှိသော ပင်လယ်ရေနက် ဆိပ်ကမ်းနှစ်ခုနှင့် စက်မှုဇုန်တစ်ခုပါဝင်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ကျောက်ဖြူမှ တရုတ်သို့ ချိတ်ဆက်မည့် မီးရထားလမ်းစီမံကိန်းများ ပါဝင်သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အာရက္ခတပ်တော်( AA) ၏ စစ်ရေးတိုက်ခိုက်မှုများ စတင်ပြီးနောက်ပိုင်း ရခိုင်ပြည်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို စစ်ကောင်စီတပ်ထံမှ AA က အပြီးသတ် ထိန်းချုပ် နိုင်ခဲ့သည်။ မြို့တော်စစ်တွေ၊ မာန်အောင်ကျွန်းနှင့် ကျောက်ဖြူမြို့နယ်၏ အစိတ်အပိုင်းငယ်တစ်ခုသာ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသည်။
AA သည် ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ကျောက်ဖြူမြို့နယ်သို့ ဝင်ရောက်လာပြီး ကျောက်ဖြူမြို့ပြင်ပရှိ ကျေးရွာအုပ်စု ၅၄ ခုအနက် ၅၀ အုပ်စုကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်သည် ၎င်း၏ ကျောက်ဖြူမြို့အနီးရှိ တပ်စခန်း ၄ ခုနှင့် ရေတပ်ဌာနချုပ်များသို့ နောက်ဆုတ်ခဲ့သည်။
ဒေသခံစစ်ရေး သုံးသပ်သူများကမူ AA အနေဖြင့် အမှန်တကယ်တိုက်ခိုက်မည်ဆိုလျင် စီမံကိန်း ဧရိယာများနှင့် ကျောက်ဖြူမြို့နယ် တစ်ခုလုံးကို လုံးလုံးလျားလျား သိမ်းယူနိုင်ရန် စစ်ရေး အင်အားအပြည့်ရှိနေပြီ ဖြစ်ကြောင်း သုံးသပ်ကြသည်ဟု ဖော်ပြထားသည်။
အစီရင်ခံစာထဲတွင် အပိုင်းလိုက် ခေါင်းစဉ်ငယ်များခွဲပြီး တင်ပြထားကာ ပါဝင်သော ခေါင်းစဉ်ငယ်များမှာ -- အနှစ်ချုပ်၊ ကျောက်ဖြူ၏ လက်ရှိပဋိပက္ခအခြေအနေများ၊ ကျောက်ဖြူ၏ လက်ရှိ လူမှုစီးပွားအခြေအနေ၊ ကျောက်ဖြူ ရင်းနှီးမြှုပ်နှံမှု အနှစ်ချုပ်၊ ကျောက်ဖြူရှိ လက်ရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ( မဒေးကျွန်းရှိ တရုတ်ရေနံဆိပ်ကမ်းနှင့် ရေနံသိုလှောင်၊ ပို့ဆောင်စက်ရုံ)၊ ရွှေဓာတ်ငွေ့စီမံကိန်း၊ ကျောက်ဖြူသဘာ၀ဓာတ်ငွေ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ တရုတ်၏ ကျောက်ဖြူအထူးစီးပွားရေးဇုန်တည်ဆောက်ရေးအစီအမံများ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ)၏ စက်မှုဥယာဉ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းများ၊ တရုတ်-မြန်မာ မီးရထားစီမံကိန်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ တရုတ်၏ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး အန္တရာယ်၊ တရုတ်-မြန်မာလုံခြုံရေး ကုမ္ပဏီနှင့် နိဂုံးချုပ်-- တို့ပါဝင်သည်။