အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဧပြီ ၂၃ /၂၀၂၅
ရခိုင်ပြည်၊ စစ်တွေမြို့မှ စစ်ဘေးတိမ်းရှောင်ရန်သွားသည့် စစ်တွေဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူ စစ်တွေဒေသခံ ၃၀ ကျော်တွင် ကလေးငယ်များနှင့် အမျိုးသမီးများပါ ပါဝင်ပြီး စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ ကျေးရွာသား ၁၀ ဦးလည်းပါဝင်ကြောင်း သိရသည်။
သူတို့သည် ယမန်နေ့ ဧပြီလ ၂၂ ရက်၊ ညနေ ၅ နာရီခန့်တွင် စစ်တွေမြို့မှ ပေါက်တောမြို့နယ်သို့ သွားရောက်စစ်ဘေးရှောင်တိမ်းရှောင်ရန် ပြင်ဆင်နေစဉ် စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ (BXT)ကိုရီးယားဆိပ်ကမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံလိုက်ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူ ၃ဝ ကျော်သည် စစ်တွေမြို့တွင်း တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်ခြင်း၊ အလုပ်အကိုင်ရှားပါးမှု၊ စားနပ်ရိက္ခာများပြတ်လပ်မှု စသည့်အခက်အခဲတို့ကြောင့် စစ်တွေမြို့မှ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေ ပေါက်တောမြို့နယ်သို့ စစ်ဘေးရှောင်တိမ်းရှောင်ရန် ပွဲစားများနှင့် ချိတ်ဆက်ထွက်ခွာရန်ပြင်ဆင်နေချိန် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
"ဖမ်းခံရသူတွေက စစ်တွေက ပေါက်တောနယ်ကို စစ်ရှောင်ထွက်တာလို့ သိရတယ်။ စက်လှေပေါ်ရောက်လို့ စက်လှေထွက်ခါနီးမှာ ဖမ်းဆီးခံရတာ။ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး စစ်ရှောင်တာလို့တော့ သိရတယ်" ဟု ပြောသည်။
ထိုသို့စစ်ဘေးရှောင်တိမ်းရန်အတွက်လည်း တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီ ပွဲစားကို ပေးဆောင်ခဲ့ရကြောင်းလည်း သိရသည်။
လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းကို မသိရသေးပေ။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၊ ည ၉ နာရီခန့်ကလည်း စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာနှင့် နာရီကန်ကျေးရွာမှတဆင့် စစ်ဘေးရှောင်ရန် ထွက်ပြေးလာသည့် စစ်တွေဒေသခံ ၅၀ ဦးခန့်ကို စစ်ကောင်စီတပ်က ကျောက်တန်းကြီးကျေးရွာ၊ လမ်းဆုံနားတွင် ကင်းပုန်းဝပ်ကာ ဖမ်းဆီးခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာမှ စစ်ဘေးရှောင်ရန် စက်လှေဖြင့်ထွက်ခွာလာသည့် ဒေသခံ ၁၁ ဦးကို စစ်ကောင်စီရေတပ်က သေနတ်ဖြင့် ပစ်ခတ်ရာ အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီး ငါးဦးကို ဖမ်းဆီးသွားခဲ့သည်။
ကျန်လေးဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - စစ်တွေဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။