Preview

ကျောက်ဖြူတွင် စစ်ကောင်စီလက်လွှတ်လိုက်ရသည့် စခန်းနှင့် ကျေးရွာများကို စစ်ကောင်စီပြန်လည်ထိုးစစ်ဆင်နေ

သဉ္ဇာနွယ် | ဧပြီ ၂၃/ ၂၀၂၅ | ကြည့်ရှုသူ :4643
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၂၃/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ စစ်ကောင်စီလက်လွှတ်လိုက်ရသည့် စခန်းနှင့် ကျေးရွာများကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေပြီး လေကြောင်းနှင့် ရေကြောင်းတို့မှလည်း တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်နှင့် သစ်ပုတ်တောင်တိုက်နယ်မှ စစ်ကောင်စီလက်လွှတ်ထားရသည့် ကျေးရွာနှင့် တပ်စွဲနေရာယူခဲ့သည့်နေရာများကို စစ်ကောင်စီက ပြန်လည်ထိုးစစ်မှုများပြုလုပ်လျက်ရှိပြီး လေကြောင်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြေပြင်ဒေသခံ ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဂုံးချွိန်ဖက်မှာဆိုရင် အမှတ် (၃၂)ရဲတပ်ရင်းကနေ AA ထိန်းချုပ်ထားတဲ့ မလကျွန်းတို့ဖက်ကို စစ်ကြောင်းထိုးတိုက်ခိုက်တယ်။ ပြီးရင် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ်။ ဒရုန်း၊ စက်တပ်လေထီးတွေနဲ့ပစ်တယ်" ဟု ပြောသည်။

သစ်ပုတ်တောင်တိုက်နယ်တွင်လည်း အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ရှောင်ချောင်း၊ စည်မော်ဖက်ကို ဓညဝတီရေတပ်ဌာနချုပ်အပါအဝင် နောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားက စစ်ကြောင်းထိုးကာ နေဗီများကလည်း စက်သေနတ်များဖြင့်ပစ်ခတ်လျက်ရှိသည်ဟု နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျောက်ဖြူက နေရာတော်တော်တော်များများ ကျေးရွာတွေကို AA က ထိန်းချုပ်ထားတာရှိတယ်။ အဲဒီဓညဝတီရေတပ်ဌာနချုပ်နားက ရွာတွေကို စစ်ကောင်စီက ဒရုန်း၊ လေကြောင်း၊ ရေကြောင်းကနေ ပစ်တယ်" ဟု ပြောသည်။

လက်ရှိ AA ထိန်းချုပ်ထားသည့် နယ်မြေများအနက် မလကျွန်း၊ ပြင်ရှည်၊ လိပ်ခမော်၊ ဦးဂင်း၊ ကြတ္တိန်၊ သဗြုတောင်၊ စည်မော်၊ ရှောက်ချောင်းစသည့်ကျေးရွာများသည် စစ်ကောင်စီ၏ လေကြောင်းနှင့် ရေကြောင်းတို့မှ ပစ်ခတ်ခြင်းကိုခံနေရကြောင်း သိရသည်။

ယင်းသို့ပစ်ခတ်ခံနေရ၍ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများသည်လည်း ဘေးလွတ်ရာနေရာသို့ စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးခက်ခဲနေကြကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး တပ်စခန်းများနှင့် ကျေးရွာအများအပြားကို စစ်ကောင်စီဘက်က လက်လွှတ်ထားရခြင်းဖြစ်သည်။

AA သည် ကျောက်ဖြူမြို့ပြင်ပရှိ ကျေးရွာအုပ်စု ၅၄ ခုအနက် ၅၀ အုပ်စုကို ထိန်းချုပ်ထားနိုင်ပြီဟု ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ၏ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေသည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဒေသခံစစ်ရေး သုံးသပ်သူများကမူ AA အနေဖြင့် အမှန်တကယ်တိုက်ခိုက်မည်ဆိုလျှင် စီမံကိန်းဧရိယာများနှင့် ကျောက်ဖြူမြို့နယ်တစ်ခုလုံးကို လုံးလုံးလျားလျား သိမ်းယူနိုင်ရန် စစ်ရေးအင်အားအပြည့်ရှိနေပြီဖြစ်ကြောင်း သုံးသပ်ကြသည်ဟုလည်း ဖော်ပြထားသည်။

ဓာတ်ပုံ - ပုံဟောင်း

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.