Preview

AA ဖော်ဆောင်နေသည့် ဧရာဝတီနှင့် ပဲခူးတိုင်းအနောက်ခြမ်းစစ်မျက်နှာပြင်သည် စစ်ကောင်စီအတွက် ရတက်မအေးစရာဖြစ်လာဟု စစ်ရေးလေ့လာအကဲခတ်သူ ပြောဆို

လူထက်နိုင် | ဧပြီ ၂၄/ ၂၀၂၅ | ကြည့်ရှုသူ :2605
ရခိုင် သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဧပြီ ၂၄ /၂၀၂၅

အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များ ဖော်ဆောင်နေသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအနောက်ခြမ်းစစ်မျက်နှာပြင်တို့သည် စစ်ကောင်စီအတွက် ရတက်မအေးစရာဖြစ်လာနေကြောင်း စစ်ရေးအခြေအနေများကို လေ့လာစောင့်ကြည့်နေသည့် CDM ဗိုလ်ကြီးဇင်ယော်က နိရဉ္ဇရာကို သုံးသပ်ပြောဆိုသည်။

“ ဟင်္သတတို့၊ ပန်းတနော်တို့အထိ ဧရာဝတီတိုင်းထဲမှာ AA နဲ့ ပူးပေါင်းတပ်တွေက စစ်မျက်နှာဖော်ဆောင်လာနိုင်တယ်ဆိုတော့ ပဲခူးတိုင်းအနောက်ခြမ်းစစ်မျက်နှာပြင်နဲ့သွားပြီးတော့ ဆက်စပ်မိသွားပြီလို့ ဒါပြောလို့ရပြီ။ ပဲခူးအနောက်ခြမ်းနဲ့ ဧရာဝတီတိုင်းက စစ်မျက်နှာပြင်တွေဟာ စစ်ကောင်စီအတွက် ရတက်မအေးရမယ့်နေရာတွေလို့ ပြောရတော့မှာပေါ့။ သေချာတာကတော့ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသ တဆက်စပ်တည်း ဖြစ်သွားပါပြီ။ စစ်ကောင်စီကို မောင်းတော့မှာပေါ့”ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်အခြေစိုက်သည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)တွင် စစ်ကောင်စီ၏အခြေစိုက်စခန်းများသည် အားအပျော့ဆုံးနေရာဖြစ်နေသောကြောင့် AA သည် ရှေ့ဆက်အောင်ပွဲဆက်နိုင်မည်ဟုလည်း သူက ဆိုသည်။

CDM ဗိုလ်ကြီးဇင်ယော်က “ဧရာဝတီတိုင်း နတခကလည်း စစ်ကောင်စီရဲ့အခြေစိုက်စခန်းတွေ အားအပျော့ဆုံးနေရာဖြစ်ပါတယ်။ ဒါကြောင့် အာရက္ခတပ်တော်ဟာ ဧရာဝတီမှာ အောင်ပွဲတွေအလီလီဆင်နွှဲပြီးတော့ ပဲခူးတိုင်းအနောက်ခြမ်းအထိ ချီတက်သွားမယ့် အနေအထားပါခင်ဗျ” ဟု ပြောသည်။

ဧရာဝတီတိုင်းရှိ စစ်ကောင်စီ၏တပ်စခန်းအချို့ကို AA က ထိန်းချုပ်သိမ်းပိုက်မှုများရှိလာသောကြောင့် နွေဦးတော်လှန်ရေးအတွက် အားတက်စရာဖြစ်လာနေကြောင်းလည်း သူက သုံးသပ်သည်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပန်းတောကြီးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို AA နှင့် ပူးပေါင်းတပ်တို့က ဧပြီလ ၁၇ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရသည်။

အလားတူ AA ဦးဆောင်သော ပူးပေါင်းတပ်များသည် မတ်လ ၂၅ ရက်နောက်ပိုင်းတွင် ပုသိမ်-မုံရွာလမ်းနှင့် လေးမိုင်ခန့်အကွာတွင်ရှိသော တုံးတောနှင့် ဝတ်ကုန်းရွာများကို သိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီတပ် ခမရ ၃၀၈ တပ်ရင်း၏ ကာကင်းစခန်းတစ်ခုကိုလည်း ပြီးခဲ့သည့် မတ်လ ၃ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ဧပြီ ၂၂ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ် - မုံရွာလမ်းနှင့် ပဲခူးတိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုကြောင့် AA နှင့် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားကြသည်။

ပုသိမ်-မုံရွာလမ်း ရေကြည်မြို့နယ်ရှိ စက်စက်ယိုရွာအနီးတွင် AA ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့သလို ပဲခူးတိုင်း၊ ရန်ကုန် - ပြည်လမ်းပိုင်း၊ မင်းလှမြို့နယ်တွင် လည်းတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - AA Info Desk

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.