နိရဉ္စရာ၊ ဧပြီ ၂၄/၂၀၂၅
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုကျူးလွန်ခဲ့သည့်အာရက္ခတပ်တော်(AA) တပ်သား နှစ်ဦးကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနကို ပြောသည်။
ဧပြီလ၅ ရက်၊ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်မှာ ပလက်ဝမြို့နယ်၊ စိမ်းစင်းဝကျေးရွာမှ ခူမီးအမျိုးသမီးတစ်ဦးကို AA တပ်သား နှစ်ဦးက မုဒိမ်းမှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တပ်သား နှစ်ဦးကို အခင်းဖြစ်သည့်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
“အဲ့ဒီမုဒိမ်းမှု ကျူးလွန်တယ်ဆိုတဲ့ ကိစ္စက မှန်ပါတယ်ခင်ဗျာ။ ဒီကိစ္စကတော့ပလက်ဝမြို့နယ်၊ စိမ့်စင်းဝကျေးရွာမှာ ဖြစ်ပွားသွားခဲ့တာပါ။ပြစ်မှုဖြစ်ပွားတဲ့ နေ့ကတည်းက အဲ့ဒီပြစ်မှုကျူးလွန်တဲ့ ရဲဘော် နှစ်ယောက်ကိုကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ အခုကတော့ သူတို့ကိုစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီကိစ္စမှာ တရားမျှတမှုရရှိဖို့အတွက် ပြစ်မှု ပြစ်ဒဏ်မျှတအောင် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
မုဒိမ်းကျင့်ခံခဲ့ရသည့်ခူမီးအမျိုးသမီးမှာ အိမ်ထောင်သည် ကလေးမိခင်တစ်ဦးဖြစ်ပြီး AA တပ်သားနှစ်ဦးကမုဒိမ်းကျင့်ပြီးနောက်သတ်ဖို့ကြိုးစားခဲ့သော်လည်း သူမ၏ယောက္ခမဖြစ်သူတွေ့သွားသည့်အတွက် အသက်ဘေးမှ သီသီလေးလွတ်ခဲ့သည်ဟုချင်းသတင်းဌာနတစ်ခုဖြစ်သည့် Chin World သတင်းဌာနမှာ ရေးသားဖော်ပြထားသည်။
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီလက်အောက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၁၄ ရက်မှာ အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများကို ULA/ AA ၏ အာရက္ခပြည်သူ့အစိုးရက စီမံဆောင်ရွက်နေချိန်တွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
(ဓါတ်ပုံ- UN)