Preview

ကျောက်ဖြူ ရေနံတောင်ကျေးရွာ အသေခံဒရုန်းဖြင့်ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာပြင်းသည့် သက်ကြီးပိုင်း စစ်ရှောင်အမျိုးသမီး သေဆုံး

အောင်ကြွယ်ငြိမ်း | လွန်ခဲ့သော ၂၁ နာရီ က | ကြည့်ရှုသူ :390
ရခိုင် သတင်း

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဧပြီ ၂၅/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ရေနံတောင်ကျေးရွာကို စစ်ကောင်စီတပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲခဲ့သည့်ဖြစ်စဉ်အတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ သက်ကြီးပိုင်း စစ်ရှောင်အမျိုးသမီးသည် သေဆုံးသွားပြီဟု သိရသည်။

သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ကုလဘာရွာမှ ရေနံတောင်ရွာတွင် စစ်ဘေးရှောင်တိမ်းနေသည့် အသက်(၆၀)ကျော်အရွယ် ဒေါ်မယဉ်နုဖြစ်သည်။

ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်က ယမန်နေ့ ဧပြီလ ၂၄ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် ရေနံတောင်ကျေးရွာကို အသေခံဒရုန်းဖြင့် သုံးကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ဗုံးကြဲခံရမှုကြောင့် ဗုံးသီးတစ်လုံးမှာ ဦးလှစံ၏ နေအိမ်အနီးတွင်ကျရောက်ပေါက်ကွဲပြီး ယင်းအိမ်တွင် စစ်ဘေးရှောင်နေသည့် ဒေါ်မယဉ်နုမှာ ကျည်စထိမှန်၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။

သူမနှင့်အတူ ရေနံတောင်ကျေးရွာမှ ဦးလှစံနှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့သည်လည်း ဒဏ်ရာရရှိသွားခဲ့ပြီး သုံးဦးစလုံးကို ဆေးကုသရန်ဆေးရုံသို့ပို့စဉ် လမ်းတွင် ဒေါ်မယဉ်နု သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

"ကျည်စထိလို့ စစ်ရှောင်အဖွားတို့ကို ဆေးရုံပို့တာ။ အဖွားကတော့ ဒဏ်ရာပြင်းလို့ လမ်းတဝက်မှာတင် ဆုံးသွားတယ်" ဟု ပြောသည်။

ဒဏ်ရာရသွားသည့်အမျိုးသားနှစ်ဦး၏အခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိဟုလည်း ပြောသည်။

blob
ရေနံတောင်ကျေးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ အသေခံဒရုန်း

ယင်းနေ့က ဗုံးကြဲခံရမှုကြောင့် ရေနံတောင်ကျေးရွာမှ လူနေအိမ်တချို့မှာလည်း ဗုံးစထိမှန်ပြီး ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်၊ ညဉ့် ၂ နာရီကျော်ကလည်း စစ်ကောင်စီတပ်က ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ ပြည်တော်သာရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ရှမ်းရွာရပ်ကွက်တို့ကို ဂျက်ဖိုက်တာ သုံးစီးဖြင့် လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့တွင်လည်း ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက်မပြည့်သေးသည့် ကလေး တစ်ဦးအပါအဝင် အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ငါးလုံးထက်မနည်း ပျက်စီးခဲ့ရသည်။

စစ်ကောင်စီသည် ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုဆောင်ရွက်ရန်ဟုဆိုကာ ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ ပထမအကြိမ် တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားပြီး ဒုတိယတစ်ကြိမ် ဧပြီ ၂၂ ရက်နေ့မှစကာ နောက်ထပ် တစ်ပတ်တိတိ သက်တမ်းတိုးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အပစ်ရပ်စဲရေးကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်တွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့သည်ဟု AA ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း အရပ်သားတစ်ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရာရရှိခဲ့သလို အဆောက်အဦ ၂၄ ခု ထိခိုက်ပျက်စီးခဲ့သည်ဟု HDCO က ဆိုသည်။

ဓာတ်ပုံ - ရေနံတောင်ကျေးရွာအား စစ်ကောင်စီက အသေခံဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်မှုများအား တွေ့ရစဉ်။ (Photo – APM)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.