စောရှင်မေ၊ နိရဉ္စရာ၊ ဧပြီ ၂၅/ ၂၀၂၅
ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် မြေမြှုပ်မိုင်းတစ်လုံးနင်းမိ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဒဏ်ရာရရှိသူမှာ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမောင်စံဖြစ်သည်။
ယနေ့ ဧပြီလ ၂၅ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ဦးမောင်စံသည် ယာခင်းသို့သွားစဉ် မြေမြှုမိုင်းတစ်လုံးကို ထိမိရာမှ ပေါက်ကွဲသွားကြောင်း သိရသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ဦးမောင်စံ၏ ခန္ဓာကိုယ်အနှံ့တွင် မိုင်းစထိမှန်၍ ဒဏ်ရာရရှိသွားပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ရခိုင်တွင် ယခုလို နေ့စဉ်ရက်ဆက်ဆိုသလို မိုင်းပေါက်ကွဲမှုများဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ရခိုင်ဒေသခံတစ်ဦးက "မိုင်းအသိပညာလုပ်ငန်းတွေ သေချာ လုပ်ဖို့လိုပါတယ်။ အသိပညာပေးကဏ္ဍလုပ်တဲ့အချိန် အစိုးရတစ်ခုတည်း လုပ်တာထက် လူမှုရေးအဖွဲ့အစည်းတွေ၊ HDCO တို့လို အဖွဲ့အစည်းတွေလည်း လိုအပ်ပါတယ်။ နောက် မပေါက်ကွဲသေးတဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကိုလည်း ဖိဖိစီးစီးလုပ်ဖို့လိုအပ်ပါတယ်"ဟု ပြောသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပြီးနောက် အာရက္ခတပ်တော်(AA)က မိုင်းရှင်းလင်းရေးများကို တစိုက်မတ်မတ်လုပ်ဆောင်နေသော်လည်း မိုင်းနှင့် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုဖြစ်၍ ထိခိုက်မှုရှိနေဆဲဖြစ်သည်။
ရခိုင်တွင် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကျန်မိုင်းနှင့် စစ်ကျန်ပစ္စည်းများပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၂ဝ ဦးဒဏ်ရာရသွားခဲ့သည်ဟု နိရဉ္စရာ၏မှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ - ပုံဟောင်း။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။