အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဧပြီ ၂၆/၂၀၂၅
စစ်ဘေးရှောင်တိမ်းရှောင်ရန် ရခိုင်ပြည်၊ စစ်တွေမြို့မှထွက်ခွာစဉ် ဖမ်းဆီးခံခဲ့ရသော ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
သူတို့ကို ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်၊ ညနေပိုင်းတွင် စစ်တွေမြို့မရဲစခန်းမှ လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။
"ဖမ်းဆီးခံရသူ အကုန် ပြန်လွတ်လာကြပါတယ်။ စစ်တွေမြို့ထဲကနေ တခြားမြို့ကိုထပ်မသွားဖို့ စစ်တွေမြို့မှာပဲ လုံလုံခြုံခြုံနေထိုင်ဖို့ အကြိမ်ကြိမ်ပြောလိုက်တယ်လို့ ပြောကြတယ်"ဟု ပြောသည်။
သူတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီစဉ် တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းစီ ပေးဆောင်မှ ပြန်လွှတ်ပေးမည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း ငွေပေးဆောင်ရခြင်းမရှိဘဲ ပြန်လွတ်လာခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
သူတို့သည် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်၊ ညနေ ၅ နာရီခန့်တွင် စစ်တွေမြို့တွင်း တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်ခြင်း၊ အလုပ်အကိုင်ရှားပါးမှု၊ စားနပ်ရိက္ခာပြတ်လပ်မှုစသည့်အခက်အခဲများကြောင့် စစ်တွေမြို့မှတဆင့် အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေ ပေါက်တောမြို့နယ်သို့ သွားရောက်စစ်ဘေးရှောင်တိမ်းရန်ပြင်ဆင်စဉ် စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ (BXT)ကိုရီးယားဆိပ်ကမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံလိုက်ရခြင်းဖြစ်သည်။
ယင်းအထဲတွင် ကလေးငယ်များနှင့် အမျိုးသမီးများပါ ပါဝင်ပြီး စစ်တွေမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင် စစ်ဆေးခံခဲ့ရပြီးနောက် ပြန်လွတ်လာကြခြင်းဖြစ်သည်။
လက်ရှိတွင် စစ်တွေမြို့တွင်း၌ တည်ငြိမ်နေသည်ဆိုသော်လည်း စစ်တွေမြို့ပြင်ပရှိ စစ်ကောင်စီတပ်စခန်းတို့မှ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်တို့အတွင်းရှိ လူနေကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည်ဟု သိရသည်။
ယင်းသို့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်တွေရှိဒေသခံများသည် စိုးရိမ်ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်စဉ် စစ်ကောင်စီ၏ ပိတ်ဆို့ဖမ်းဆီးခြင်းကိုလည်း ခံနေကြရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၊ ည ၉ နာရီခန့်ကလည်း စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာနှင့် နာရီကန်ကျေးရွာမှ စစ်ဘေးရှောင်ရန် ထွက်ခွာလာသည့် စစ်တွေဒေသခံ ၅၀ ဦးခန့်ကို စစ်ကောင်စီတပ်က ကျောက်တန်းကြီးကျေးရွာ၊ လမ်းဆုံနားတွင် ကင်းပုန်းဝပ်ကာ ဖမ်းဆီးခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာမှ စစ်ဘေးရှောင်ရန် စက်လှေဖြင့်ထွက်ခွာလာသည့် ဒေသခံ ၁၁ ဦးကို စစ်ကောင်စီရေတပ်က သေနတ်ဖြင့် ပစ်ခတ်ရာ အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီး ငါးဦးကို ဖမ်းဆီးသွားခဲ့သည်။
ကျန်လေးဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။