Preview

လေကြောင်းဖြင့် စေလွှတ်လိုက်သည့် တပ်မ(၉၉)မှဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင်တချို့ ကျောက်ဖြူအရောက်တွင် ထွက်ပြေးပျောက်ဆုံးနေဟုသတင်းထွက်ပေါ်နေ

သဉ္ဇာနွယ် | ဧပြီ ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :14461
ရခိုင် သတင်း

နိရဉ္စရာ၊ ဧပြီ ၂၇/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲသို့ စေလွတ်လိုက်သည့် စစ်ကောင်စီတပ်မ(၉၉)မှဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင်တချို့ ကျောက်ဖြူအရောက်တွင် လက်နက်များနှင့်အတူထွက်ပြေးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်သို့ လေကြောင်းဖြင့် စေလွတ်လိုက်သည့် တပ်မ(၉၉)မှဗိုလ်မှူးတစ်ဦးအပါအဝင် အပေါင်းအပါတပ်သားတချို့ ယနေ့ဧပြီ ၂၇ ရက် ကျောက်ဖြူမြို့သို့အရောက် လမ်းတစ်နေရာတွင် ထွက်ပြေးပျောက်ဆုံးသွားသည်ဟု စစ်ကောင်စီနှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

" ဒီနေ့ပဲလေကြောင်းကနေ လွှတ်လိုက်တာ။ အရင်တုန်းကတည်းကရောက်နေတဲ့သူတို့တပ်မ (၉၉)စစ်ကြောင်းဆီကိုသွားတာ။ ကျောက်ဖြူလေဆိပ်ကအထွက်ရဲတပ်ရင်းဖက်ကိုသွားတဲ့လမ်းမှာ ထွက်ပြေးသွားတာ။ဗိုလ်မှူးရယ်သူရဲ့လက်ပါးစေတချို့ရယ်။ အခုထိပျောက်တုန်း" ဟုပြောသည်။

ယခုပျောက်ဆုံးနေသည့် တပ်မ(၉၉)မှဗိုလ်မှူးနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကျောက်ဖြူအခြေစိုက် အမှတ်(၃၂)ရဲတပ်ရင်း၊ကျောက်တလုံးဂိတ်၊ ခလရ (၃၄)စသည့်တပ်ရင်းအပါအဝင်အခြေစိုက်တပ်ရင်းများမှစစ်ကြောင်း (၃)ကြောင်းဖြင့်  စစ်ကောင်စီတပ်ရင်းနှင့်နီးစပ်သည့်ကျေးရွာများအပါအဝင် နေရာအနှံ့အပြားတွင် အပူတပြင်းလိုက်ရှာနေသည်ဟုမြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

" အခုဆိုရင် ပျောက်ဆုံးနေတဲ့ ဗိုလ်မှူးနဲ့အပေါင်းအပါတွေကိုအသည်းအသန်လိုက်ရှာနေတယ်။ ကျောက်တလုံး ဂိတ်ကနေစပြီး ရှိသမျှအနီးစပ်ဆုံးရွာဂုံးချွိန်တိုက်နယ်ကရွာတွေအကုန်ပါတယ်" ဟု ပြောသည်။

သို့သော်လည်း ထွက်ပြေးသွားသည့် ဗိုလ်မှူးအမည်နှင့် တပ်သားအရေအတွက်ကို လတ်တလော သိရှိနိုင်ခြင်း မရှိသေးပါ။

လက်ရှိအာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီအကြားကျောက်ဖြူမြိုပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထွက်ပြေးမှုများနှင် လက်နက်ချ အလင်းဝင်မှုများလည်း ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ တပ်ရင်း၊နေဗီများမှ လက်နက်ကြီးကျည်များဖြင့် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် နေရာဒေသများသို့   ပစ်ခတ်နေပြီး ဒရုန်း၊စက်တပ်လေထီးများဖြင့် လည်း ပစ်ခတ်နေကြောင်း သိရသည်။

ယခုဧပြီလအတွင်း ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ကျေးရွာများမှ ဒေသခံများအား စစ်ကောင်စီတပ်က ရွာပြင်ထွက်ပြီး သွားလာခွင့်အား ပိတ်ပင်ထားကြောင်း ဒေသခံများကပြောသည်။

ကျောက်ဖြူမြို့နယ်တွင် (AA)နှင့်စစ်ကောင်စီတို့ တိုက်ပွဲရက်ပိုင်းခြားရှိနေပြီး စစ်ကောင်စီဖက်မှ (AA)ထိန်းချုပ်ထားသည့် နယ်မြေတချို့ကိုစစ်ကြောင်းထိုးခြင်း၊ ဒရုန်းဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် ယခုရက်ပိုင်းအတွင်းတွင် ကျောက်ဖြူ ဒေသခံအမျိုးသမီး  ၄ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ (ဓာတ်ပုံ- DVB)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.