နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂၈/ ၂၀၂၅
အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားသည့် ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်၊ ပြားသားကျေးရွာအနီးသို့ ARSA အကြမ်းဖက်အဖွဲ့ဝင်ရောက်လာ၍ AA နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဧပြီလ ၂၇ ရက်၊ ညနေပိုင်းတွင် အဆိုပါကျေးရွာသို့ ARSA အဖွဲ့ဝင်ရောက်လာရာမှ AA က လိုက်လံရှင်းလင်းစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"ပြားသားကျေးရွာအနီးကို ARSA ဝင်ရောက်လာလို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတယ်လို့တော့ သိရပါတယ်ဗျ။ နယ်မြေရှင်းလင်းမှုတွေပြုလုပ်နေကြတယ်လို့ သိရတယ်"ဟု ပြောဆိုသည်။
ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မောင်တောမြို့ပေါ်ရှိ ဈေးဆိုင်ခန်းများကိုလည်း AA က လာရောက်ပိတ်သိမ်းခိုင်းခဲ့သည့်အတွက် စိုးရိမ်မှုမြင့်တက်ခဲ့ရသည်ဟု မောင်တောမြို့ခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မနေ့က ညနေ ၄ နာရီလောက်မှာ မောင်တောမြို့ပေါ်ကဈေးဆိုင်တွေကို AA ဖက်က အမြန်ပိတ်ခိုင်းခဲ့ကြတယ်။ ကျွန်တော်တို့လည်း စိုးရိမ်မှုတွေမြင့်တက်ခဲ့ကြရတယ်။ ဘာဖြစ်လို့လဲမေးတော့ အခြေအနေအရပါလို့ ပြောတယ်။ နောက် ပြောသံကြားတာက ပြားသားကျေးရွာဖက်က သေနတ်သံတွေကြားရတာကြောင့်လို့ ကြားသိရတယ်"ဟု ပြောသည်။
ယင်းသို့ပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကို လောလောဆယ် မသိရှိရသေးပေ။
AA သည် မောင်တောမြို့နယ်တစ်ခုလုံးကို ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှစပြီး အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
သို့သော် မောင်တောဒေသတွင် ARSA အဖွဲ့က ဝင်ရောက်လှုပ်ရှားပြီး အပြစ်မဲ့အရပ်သားပြည်သူများအပါအဝင် AA တပ်ဖွဲ့ဝင်များကိုပါ ခြုံခိုတိုက်ခိုက်လာနေသည့်အတွက် AA က ARSA အဖွဲ့ကို လိုက်လံရှင်းလင်းလျက်ရှိသည်။
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဧပြီ ၁ ရက်မှ ဧပြီ ၈ ရက်အထိ ရှစ်ရက်အတွင်း ARSA အကြမ်းဖက်အဖွဲ့ဝင် ၄၀ ကျော်ကို AA က ရှင်းလင်းနိုင်ခဲ့ပြီး ၁၀ ကျော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။
ဓာတ်ပုံ - APM
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။