သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၂၈/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် လက်နက်များနှင့်အတူ ထွက်ပြေးပျောက်ဆုံးနေသည့် စစ်ကောင်စီဗိုလ်မှူးနှင့်အဖွဲ့ကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် လိုက်ရှာရာမှ အာရက္ခတပ်တော်(AA)နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်၊ မလကျွန်း၊ ပြင်ရှည်ဖက်သို့ ယမန်နေ့ ဧပြီ ၂၇ ရက်မှစတင်ကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လိုက်ရှာလာသည့် စစ်ကြောင်းနှစ်ကြောင်းနှင့် AA တို့သည် အမှတ် (၃၂)ရဲတပ်ရင်းဝန်းကျင်ရှိ ကျေးရွာအနီးအနားတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်ဟု စစ်ရေးသတင်းအရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အဲဒီစစ်ကြောင်းက မနေ့က ဗိုလ်မှူး ပျောက်သွားလို့ ရှာဖို့တက်လာတဲ့စစ်ကြောင်း။ သူတို့က AA ထိန်းချုပ်ထားတဲ့ နေရာတွေအထိ စစ်ကြောင်းထိုးပြီးလိုက်ရှာတော့ AA ဖက်ကလည်း ဆော်၊ သူတို့ဖက်ကလည်းဆော်။ တိုက်ပွဲက တော်တော်ပြင်းတယ်" ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲသို့ စေလွှတ်လိုက်သည့် စစ်ကောင်စီတပ်မ(၉၉)မှ ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင်တချို့သည် ဧပြီလ ၂၇ ရက်က ကျောက်ဖြူလေဆိပ်မှအထွက် အမှတ်(၃၂)ရဲတပ်ရင်းဘက်သို့သွားသည့်လမ်းတွင် လက်နက်များနှင့်အတူ ထွက်ပြေးပျောက်ဆုံးနေကြောင်း သိရသည်။
ထွက်ပြေးသွားသူများကို စစ်ကောင်စီဘက်က စစ်ကောင်စီတပ်ရင်းနှင့် နီးစပ်သည့်ကျေးရွာများအပါအဝင် နေရာအနှံ့အပြားတွင် အပူတပြင်းလိုက်ရှာနေရာမှ AA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟုလည်း နောက်ထပ်ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အဓိက အဲဒီ ပြည်မဖက်က ထွက်ပြေးပျောက်ဆုံးနေတဲ့ စစ်ကြောင်းကို လိုက်ရှာရင်း သူတို့ရှေ့ဆက်တိုးလာလို့ တိုက်ပွဲပြင်းနေတာ"ဟု ပြောသည်။
စစ်ကောင်စီ တပ်ရင်း၊ နေဗီများမှ လက်နက်ကြီးကျည်များဖြင့် AA ထိန်းချုပ်ထားသည့် နေရာဒေသများသို့ ပစ်ခတ်နေပြီး ဒရုန်း၊ စက်တပ်လေထီးများဖြင့်လည်း ပစ်ခတ်နေကြောင်း သိရသည်။
ကျောက်ဖြူတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်မှစတင်ကာ AA နှင့် စစ်ကောင်စီတပ်တို့ ဓညဝတီရေတပ်ဌာနချုပ်အနီးမှစ၍ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စုအများအပြားကို AA က ထိန်းချုပ်ထားပြီး စစ်ကောင်စီဖက်ကလည်း AA ရှိနိုင်သည့်နေရာများကိုမှန်းဆပြီး စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
ဓာတ်ပုံ - AA Info Desk (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။