Preview

ကျောက်ဖြူ လိပ်ခမော်ကျေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီအလောင်းတချို့နှင့် လက်နက်တချို့ကို အာရက္ခတပ်တော် သိမ်းဆည်းရမိ

သဉ္ဇာနွယ် | ဧပြီ ၂၉/ ၂၀၂၅ | ကြည့်ရှုသူ :13282
ရခိုင် သတင်း

နိရဉ္စရာ၊ ဧပြီ ၂၉/၂၀၂၅

ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီအလောင်းတချို့နှင့် လက်နက်တချို့ကို  အာရက္ခတပ်တော်(AA)က သိမ်းဆည်းရမိထားကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ် တစ်ခုက နိရဉ္စရာသို့ ပြောသည်။

" မလကျွန်းဖက်ကနေ စစ်ကြောင်းထိုးတက်လာတာ။ ပြီးတော့အရင်းကတည်းကနေ လိပ်ခမော်ကျေးရွာအနီးအနားတွေမှာ စစ်ကောင်စီအထိုင်ချတာတွေရှိတယ်။ အဲဒီကနေ တက်လာတဲ့ စစ်ကြောင်းနဲ့ AAထိတွေ့တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဖက်က အကျအဆုံးများသွားတယ်" ဟုပြောသည်။

ယမန်‌ နေ့ ဧပြီ ၂၈ ရက်နေ့က ကျောက်ဖြူမြိုနယ်၊လိပ်ခမော်ကျေးရွာအနီးဖြစ်ပွားခဲ့သည့်စစ်ကောင်စီစစ်ကြောင်းနှင့် AAတို့၏ တိုက်ပွဲအတွင်း စစ်သားအလောင်း၁၀ခန့်နှင့်လက်နက်ခဲယမ်းများကို AA က သိမ်းဆည်းရမိခဲ့သည်ဟု၎င်းဒေသခံစစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကိုအတည်ပြုပြောဆိုသည်။

အဆိုပါစစ်ကြောင်းသည်အကျအဆုံးများဖြင့်မလကျွန်းဖက်သို့ နောက်ဆုတ်ထွက်ပြေးသွားကြပြီးနောက်လူအင်အားလက်နက်အင်အားစုဆောင်းက ပြန်လည်စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများမှာဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

“ AAရဲ့  တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဖက်ကျဆုံးများနေတယ်။ စစ်တပ်က အင်အားစုပြီး စစ်ကြောင်း ပြန်လည်ထိုးလိုက်၊AA က ပြန်တိုက်တော့နောက်ဆုတ်လိုက်၊ အဲသလိုမျိုးဖြစ်နေတော့ တိုက်ပွဲကဆက်လက်ရှိနေသေးတဲ့အနေအထားပါ” ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည်လက်နက်များနှင့်အတူ ထွက်ပြေးသွားသည့် ဗိုလ်မှူးတစ်ဦးနှင့် တပ်သားအချို့ကို လိုက်လံရှာဖွေရာမှ  AA ၏ ဖြတ်တောက် တိုက်ခိုက်မှုကိုခံရပြီး အထိနာသွားခဲ့သည်ဟု စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူ ကျောက်ဖြူဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" အခုက AAဖက်ကပစ်ခတ်တာကိုရပ်လိုက်၊စစ်တပ်က AAရှိတဲ့နေရာကို ထိုးစစ်ပြန်တက်လိုက်။အဲ့လိုဖြစ်နေတဲ့အနေအထားမှာရှိနေတာ။ ပျောက်နေတဲ့ တပ်မ (၉၉)ဗိုလ်မှူးကိုလည်း လိုက်ရှာရင်းစစ်ကြောင်းထိုးတာမရပ်သွားဘူး " ဟု ပြောသည်။

ယခု အာရက္ခတပ်တော်(AA)က  စစ်ကောင်စီဖက်မှ အကျအဆုံးနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမှုနှင့်ပက်သက်ပြီး အသေးစိတ်အတည်ပြုနိုင်ရန် အာရက္ခတပ်တော်ပြောခွင့်ရသူများကို နိရဉ္စရာမှ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဧပြီ ၂၅ ရက်နေ့ နံနက်က လိပ်ခမော်ကျေးရွာအနီးအနားဝန်းကျင်စိုက်ခင်းတစ်ခုတွင် ဒေသခံများ အလုပ်လုပ်နေစဉ် စစ်တပ်က ရည်ရွယ်ချက်ရှိရှိဒရုန်းဖြင့်ပစ်ခတ်ခဲ့မှုကြောင့်ဒေါ်သိန်းသိန်းအေး(၄၇)နှစ်၊ဒေါ်ချောစု(၃၉)နှစ်နှင့် ဒေါ်ချောစု၏ သမီးဖြစ်သူ မမေသဇင်ခိုင်(၁၁)နှစ်တို့သေဆုံးသွားခဲ့သည်။

အဆိုပါ စစ်တပ်မှဒရုန်းဖြင့်ပစ်ခတ်ခြင်းကိုလည်း စစ်ကောင်စီ၏ ‌လော်ဘီချန်နယ်များမှတဆင့် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီဖက်မှအရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာနှင့်တောင်တန်းများကိုရည်ရွယ်ချက်ရှိရှိဖြင့် ဒရုန်း၊ စက်တပ်လေထီးများဖြင့်နေ့စဉ်ပစ်ခတ်နေမှုကြောင့် ဒေသခံများဘေးလွတ်ရာကိုထွက်ပြေးနေကြရကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်သို့ လေကြောင်းဖြင့် စေလွတ်လိုက်သည့် တပ်မ(၉၉)မှဗိုလ်မှူးတစ်ဦးအပါအဝင်အပေါင်းအပါတပ်သားတချို့ ဧပြီ ၂၇ ရက် ကျောက်ဖြူမြို့သို့အရောက်လမ်းတစ်နေရာတွင် ထွက်ပြေးပျောက်ဆုံးနေဆဲဖြစ်ပြီး စစ်ကောင်စီမှအပူတပြင်းလိုက်ရှာနေဆဲဖြစ်ပြီးတိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်ဟုဆိုသည်။

ဧပြီ၂၈ ရက် နံနက်ပိုင်းကလည်း အဆိုပါ ပျောက်ဆုံးနေသည့် တပ်မ(၉၉)ဗိုလ်မှူးနှင့်တပ်ဖွဲ့ဝင်တချို့ကို လိုက်ရှာနေသည့် စစ်ကောင်စီဖက်မှ စစ်ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့ အမှတ်(၃၂)ရဲတပ်ရင်းပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုံစာ- AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားတစ်ဦးအားတွေ့ရစဉ်/ဓာတ်ပုံ- ပုံဟောင်းသာ


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.