နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၃၀ / ၂၀၂၅
အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားသည့် ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် လေးလအတွင်း ဖောက်ထွင်းခိုးယူသူ ၁၃ဝ ကျော်ကို AA က ဖမ်းဆီးအပြစ်ပေးထားသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှ ယနေ့ဧပြီလ ၃၀ ရက်အထိ မောင်တောမြို့ပေါ်တွင် ဖောက်ထွင်းခိုးယူသူ ရခိုင်နှင့် ဟိန္ဒူဦးရေ ၁၃၀ ကျော်ခန့်ကို AA က ဖမ်းဆီးပြီး ပြစ်မှုကြီးစဉ်ငယ်လိုက် အပြစ်ပေးလျက်ရှိနေသည်ဟု သိရသည်။
အဆိုပါ ၁ဝဝ ကျော်ထဲတွင် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်အတွင်းက မောင်တောမြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)ရုံးမှ ဗလာစာအုပ် အထုပ်များခိုးယူသူခေါင်းဆောင်နှစ်ဦးအား ထောင်ဒဏ် ၃ နှစ်အထိချမှတ်ထားကြောင်းလည်း သိရသည်။
အလားတူ မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ရှိ နေအိမ်များမှ ဖောက်ထွင်းခိုးယူသူ ၃၀ ကျော်ကိုလည်း AA က ဧပြီလ ၂၈ ရက်၊ နေ့လယ်ပိုင်းတွင် ဖမ်းဆီးသွားကြောင်း မျက်မြင်များက ပြောသည်။
မျက်မြင်ဒေသခံမွတ်ဆလင်တစ်ဦးက "ကညင်တန်းကနေအိမ်တွေကိုဖောက်ထွင်းခိုယူတဲ့ ရခိုင်နဲ့ ဟိန္ဒူ အယောက် ၃၀ လောက်ကို AA ဖက်က ဖမ်းဆီးခေါ်ဆောင်သွားတာတွေ့လိုက်တယ်"ဟု ပြောကြားသည်။
မောင်တောမြို့ပေါ်တွင် ယင်းသို့ ဖောက်ထွင်းခိုးယူသူများကို AA က ဖမ်းဆီးအပြစ်ပေးလျက်ရှိသော်လည်း ဖောက်ထွင်းခိုးယူမှုများသည် တစ်နေ့ထက်တစ်နေ့များပြားနေပြီး ဘူးသီးတောင်မြို့မှ လာရောက်ခိုးယူသူများပါ ပါရှိနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
"AA ဖက်ကလည်း ဘယ်လောက်ဖမ်းနိုင်မလဲ။ ဘယ်လောက်စောင့်ပေးနိုင်မလဲ။ အလစ်ချောင်းပြီး ခိုးတဲ့လူမှာတော့ ခိုးနေကြတာပါပဲ။ ဘူးသီးတောင်ကတောင် လာခိုးတဲ့လူတွေဖမ်းမိတာရှိနေတယ်"ဟု ပြောဆိုသည်။
မောင်တောမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ မွတ်ဆလင်နေအိမ်များ၌ လူများပြန်လည် နေထိုင်ခွင့်ပြုထား သော်လည်း မြို့မကညင်တန်းရပ်ကွက်၌ နေထိုင်ခွင့်မပြုသေးကြောင်း ဒေသခံများထံမှ သိရသည်။
ယခုလို နေအိမ်များ၊ ဈေးဆိုင်ခန်းများအား ဖောက်ထွင်းခိုးယူမှုမြင့်တက်လာရခြင်းမှာလည်း အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေးမပြေလည်မှုများကြောင့်ဖြစ်သည်ဟုလည်း ဒေသခံမျာက ပြောသည်။
ဓာတ်ပုံ-ဖောက်ထွန်းခံထားရသည့် နေအိမ်များအားတွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။