နိရဉ္စရာ၊ဧပြီ၃၀/၂၀၂၅
ဘင်္ဂလာဒေ့ရှ်က အင်္ဂလိပ်လိုထုတ်ဝေသည့်The Daily Star သတင်းစာတွင်မောင်တော၊ ဘူးသီးတောင်တွင် မွတ်ဆလင် ရိုဟင်ဂျာများကို AA က အတင်းမောင်းထုတ်ကာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံများက ရခိုင်များကို နေရာချပေးနေသည်ဟုမဟုတ်မမှန် သတင်းအမှားများကိုလိမ်လည်ထုတ်လွှင့်ခဲ့သည်။
ယခုလိုမဟုတ်မမှန် သတင်းများကို လိမ်လည်ထုတ်ပြန်ကာရခိုင်ပြသနာကိုပိုမိုကြီးကျယ်အောင်ဖန်တီးလုပ်ဆောင်နေသည်ဟု ဝေဖန်မှုများထွက်ပေါ်လာသည်။
ဧပြီ၂၉ရက်နေ့က Rohingyas fleeing Arakan Army persecution သတင်းတွင်အာရက္ခတပ်တော်က ရိုဟင်ဂျာတွေကို နေရပ်ကနေ နှင်ထုတ်ပြီး ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ အိန္ဒိယတို့လို တခြားနိုင်ငံတွေကနေ ရခိုင်လူမျိုးတွေကို အဲဒီနေရာတွေမှာ ပြန်လည်နေရာချထားပေးခဲ့ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာရတာဖြစ်ကြောင်းArakan Rohingya Society for Peace and Human Rights ဥက္ကဋ္ဌ Zubair က ပြောသည်ဟုဆိုကာ ရေးသားဖော်ပြထားသည်။
ရခိုင်လူအခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက “ဒီမှာ ရှိတဲ့ သူတွေတောင် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်မှာကို စိုးရိမ်ပြီး ထွက်ပြေးနေကြတာ။ အသက်ဘေး ကြုံနေရတဲ့ အပြင် စားဝတ်ရေး အခက်အခဲ ဒီလောက်ရောက်နေချိန်မှာ ဘယ်သူက ဘူးသီးတောင် မောင်တောကိုလာမလဲ။ မဟုတ် မတရား သတင်းတွေကို ဖန်တီးရေးနေတာပါ” ဟု ပြောကြားသည်။
၎င်းပြင် လုံး၀ အခြေအမြစ်မရှိသော အချက်အလက်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ အိန္ဒိယက ရခိုင်တွေကို နေရာချပေးနေသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။
“ ဒါက အကြီးအကျယ် လိမ်လည်ရေးသားထားတာဖြစ်ပါတယ်။ ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား လူတိုင်း စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ နီပေါက ရခိုင်တွေကို ဘူးသီးတောင် မောင်တောမှာ နေရာချပေးနေတယ်ဆိုတာ ဒါက လုံး၀ သတင်းမှားပါ။ နီပေါမှာ ဘယ်ရခိုင်လူမျိုးရှိ လို့လဲ။ အိန္ဒိယက ရခိုင်တွေကကော ဒီလောက် စစ်တလင်းဖြစ်နေတဲ့ ရခိုင်ကို လာမလား။ မဟုတ်တဲ့ သတင်းအမှားတွေ လျှောက်ရေးပြီး ပြသနာကို ပိုမိုကြီးထွားအောင် လုပ်နေတာလို့ မြင်ပါတယ်” ဟု ပြောဆိုသည်။
Arakan Rohingya Society for Peace and Human Rights ဥက္ကဋ္ဌMd Zubair ဆိုသူ၏ ပြောဆိုချက်ကို ကိုးကားပြီး The Daily Stary က ယခုလို ရေးသားထားသည်။
"AA က ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကို ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်နေပါတယ်။ ရိုဟင်ဂျာတွေကို အာရက္ခတပ်တော် စခန်းတွေမှာ ခေါ်ခိုင်းပြီး အလုပ်သမားအဖြစ် အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ လုပ်နေပါတယ်။ စစ်တပ်ကိုတိုက်ဖို့ ရိုဟင်ဂျာတွေ စစ်သားစုဆောင်းမှုတွေလည်း လုပ်နေပါတယ်။စစ်အစိုးရတပ်များနှင့် အဆက်အစပ်ရှိခြင်းကြောင့် ရိုဟင်ဂျာအချို့ အသတ်ခံခဲ့ရပြီး အချို့မှာ ရိုဟင်ဂျာအသိုင်းအဝန်းမှ အစ္စလာမ်ပညာရှင်အများအပြား သတ်ဖြတ်ခံခဲ့ရတယ်” ဟုသတင်းတွင် ဖော်ပြထားသည်။
အာရက္ခတပ်တော်က မြန်မာစစ်တပ်ကို တိုက်ခိုက်ရန် မွတ်ဆလင်များကို အတင်းအဓမ္မ စစ်သားစုဆောင်းသည်ဟု စွပ်စွဲထားခြင်းမှာလည်း လုံး၀ မဟုတ်မှန်သလို ထိုကဲ့သို့ မွတ်ဆလင်များကို စစ်သားစုဆောင်းခြင်း လုံး၀ မရှိကြောင်း အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြားသည်။
“ဒါဟာအခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေဖြစ်ပါတယ်။ ဒေသခံ မွတ်ဆလင်တွေကို ကျနော်တို့ အတင်းအဓမ္မ လူသစ်စုဆောင်းတာ လုံး၀ မရှိသလို လုပ်အားပေးစေခိုင်းတာလည်း မရှိပါဘူး။ ဒါဟာ ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလုပ်ဆောင်နေတဲ့ မတူကွဲပြားတဲ့လူမျိုးဘာသာတွေအကြားသဟဇာတဖြစ်ရေးကြိုးပမ်းမှုကိုဖျက်စီးဖို့ကြိုးစားတာဖြစ်သလို၊ ဒေသတွင်းတည်ငြိမ်မှုပျက်ပြားအောင်၊ လူမျိုးရေးဘာသာရေးပဋိပက္ခတွေဖြစ်လာအောင် ဘင်္ဂလားဒေ့ရှ် မီဒီယာတွေကိုအသုံးချပြီး ရည်ရွယ်ချက်ရှိရှိနှင့်လုပ်ဆောင်နေကြတာဖြစ်ပါတယ်” ။ဟု ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် မီဒီယာအများအပြားသည် အခြေအမြစ်မရှိသော သတင်းအမှားများကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်နှင့် နိုင်ငံတကာတွင် AA ၏ ပုံရိပ်ကျဆင်းစေရန် နည်းအမျိုးမျိုးဖြင့် လုပ်ကြံ ဝါဒဖြန့် ရေးသားလျက်ရှိကြောင်း သိရသည်။
လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင် ဒုက္ခသည် ၁ သိန်း ၃ သောင်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာကြသည်ဟုလည်း ရေးသားဖော်ပြထားသည်။