မောင်စာဂ၊ နိရဉ္စရာ၊ မေ ၁/၂ဝ၂၅
ရခိုင်ပြည်တွင် လေးလအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၁၁၄ ဦးသေဆုံးပြီး ၁၇ဝ ဦးဒဏ်ရာရသွားသည်ဟု နိရဉ္စရာသတင်းဌာနက ကောက်ယူထားသည့်စာရင်းအရ သိရသည်။
ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၃ဝ ရက်အထိ လေးလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ယခုကဲ့သို့ အရပ်သားများ သေဆုံး၊ ဒဏ်ရာရသွားကြခြင်းဖြစ်သည်။
ဧပြီလတွင်ဆိုလျှင် သေဆုံးသူ ငါးဦးနှင့် ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့သည်။
ဧပြီလအတွင်း စစ်ကောင်စီသည် တောင်ကုတ်မြို့နယ်၊ စလူရွာကိုတစ်ကြိမ်၊ ကျောက်တော်မြို့ကို နှစ်ကြိမ်နှင့် ကျောက်ဖြူမြို့နယ်၊ ရေနံတောင်ကျေးရွာကိုတစ်ကြိမ်နှင့် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာကိုတစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ယခုကဲ့သို့ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။
လေးလအတွင်း သေဆုံး၊ ဒဏ်ရာရသူများထဲတွင် ကလေးငယ်သူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။
စစ်ကောင်စီသည် အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် လွတ်မြောက်နယ်မြေများရှိ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ဓာတ်ပုံ - ဧပြီလ ၁၉ ရက်တွင် စစ်ကောင်စီက ကျောက်တော်မြို့ကို လေကြောင်းမှ ဗုံးကြဲအပြီး တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။