သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂/၂၀၂၅
ရခိုင်ပြည်၊ အမ်းမြို့နယ် ရိုးပေါ်ရှိ နတ်ရေကန်တောင်ထိပ်ပေါ်မှ မိုင်းထောင်ရန်ဆင်းသည့် စစ်ကောင်စီတပ်သားတချို့သည် အာရက္ခတပ်တော်(AA)၏ စနိုက်ပါမိ၍ သေဆုံးမှုတချို့ရှိနေ ကြောင်း မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"တောင်ထိပ်ကနေ မကြာမကြာဆင်းတယ်။ မိုင်းလည်းထောင်၊ ရိက္ခာလည်း သွားယူတာမျိုးပေါ့။ AA ရဲ့စနိုက်ပါလက်ချက်လည်း မကြာမကြာမိတယ်။ ဘယ်နှစ်ယောက်သေလဲတော့ အတိအကျပြောလို့မရဘူး။ သေတာတော့ မကြာမကြာပဲ" ဟု ပြောသည်။
ယမန်နေ့ မေလ ၁ ရက်နှင့် ဧပြီလအတွင်း AA ၏စနိုက်ပါကြောင့်သေဆုံးသွားကြခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
နတ်ရေကန်တောင်ထိပ်နှင့်တောင်အောက်ပတ်ပတ်လည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အတက်အဆင်းနှင့် လှုပ်ရှားမှုများရှိသည်ဟု သိရသည်။
နတ်ရေကန်စခန်းကို AA က ပြီးခဲ့သည့်ဖေဖော်ဝါရီအစပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
အပစ်ရပ်ကာလက နတ်ရေကန်စခန်းအနီးရှိ စစ်ကောင်စီတပ်စခန်းများဖက်မှ လက်နက်ကြီးကျည်များ၊ ဒရုန်း၊ စက်တပ်လေထီးများဖြင့် နေ့စဉ်လိုလိုဗုံးကြဲတိုက်ခိုက်သဖြင့် AA ဖက်မှ ပြန်လည်ပစ်ခတ်ခဲ့ရခြင်းများရှိခဲ့သည်ဟုလည်း အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"သူတို့ဖက်က အပစ်ရပ်ကာလတစ်လတုန်းကဆိုရင် AA ရှိတဲ့နေရာတွေကို နေ့တိုင်းလက်နက်မျိုးစုံနဲ့ပစ်တယ်။ ရွာတွေကိုဗုံးကြဲတယ်။ စစ်ကြောင်းထိုးတက်လာတိုင်းလည်း လက်နက်ပစ်ပြီး တက်တယ်" ဟု ပြောသည်။
ဧပြီ ၃၀ ရက်နေ့ကလည်း နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်သည့် ငဖဲမြို့နယ်၊ ပဇီရွာတပ်စခန်းမှ လုံခြုံရေးယူရန် ထွက်လာသည့် အင်အား ၂၀ ပါစစ်ကြောင်းကို ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho)က ဖြတ်တောက်တိုက်ခိုက်ခဲ့သဖြင့် စစ်သား ကိုးဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်ဟု CDF - Asho က မေလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနှင့် ကာကင်းစခန်းများတွင် မကွေးဖက်မှ စစ်အင်အား ထောင်ချီနှင့် လက်နက်ရိက္ခာများ ဖြည့်တင်းထားကြောင်း သိရသည်။
အဆိုပါ အင်အားဖြည့်ထားသည့် စစ်ကောင်စီတပ်သားများ၏ စစ်ကြောင်းတချို့မှာ AA သိမ်းပိုက်ထားသည့် အမ်းရိုးပေါ်မှ ကံမြင်ကန်၊ ဂုတ်စည်းစသည့် စခန်းဂိတ်များအား ပြန်လည်ထိုးစစ်ဆင်ရန်လည်းပြင်ဆင်နေကြောင်း သိရသည်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနှင့် ပဒါန်းကြားက တိုက်ပွဲများကို တပ်မ(၉၉)မှ ဗိုလ်မှူးချုပ် နိုင်ဝင်းကို တာဝန်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။