Preview

ရခိုင်ယူနိုက်တက်အသင်းမှ ဘရာဇီးလ်နည်းပြချုပ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်လက်မခံ

လူထက်နိုင် | မေ ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :459
ရခိုင် သတင်း

(အသင်း၏ အရေးကြီးကာလတွင် ဘရာဇီးလ်နည်းပြချုပ်နှင့် ရခိုင်ယူနိုက်အသင်းတို့ တရားဝင် လမ်းခွဲလိုက်ရ)

လူထက်နိုင်၊ နိရဉ္ဇရာ၊ မေ ၃ /၂၀၂၅

ရခိုင်ယူနိုက်တက်အသင်း(RUFC)မှ ဘရာဇီးလ်နည်းပြချုပ် မစ္စတာရီကာဒိုဒါရိုချာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်မခံ၍ အသင်း၏ အရေးကြီးကာလ ရောက်ရှိလာချိန်တွင် အဆိုပါဘရာဇီးလ်နည်းပြချုပ် မစ္စတာရီကာဒိုနှင့် တရားဝင် လမ်းခွဲလိုက်ရကြောင်း ရခိုင်ယူနိုက်အသင်းက ထုတ်ပြန်သည်။

မြန်မာနယ်ရှင်နယ်လိဂ်ပြိုင်ပွဲအတွက် တရားဝင်မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး တင်ပြဆောင်ရွက်ခဲ့ရာ အဆိုပါဘရာဇီးလ်နည်းပြချုပ် မစ္စတာရီကာဒိုဒါရိုချာ၏ လိုင်စင်မှာ သက်တမ်းကုန်ဆုံးနေပြီဖြစ်၍ သက်တမ်းတိုးဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးဌာနက အကြောင်းပြန်ကြားလာခဲ့သည်ဟု RUFC ၏ မေလ ၂ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ တင်ပြထားသော နည်းပြ စာရွက်စာတမ်းအထောက်အထားများဖြင့် အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားသော လိုင်စင်စည်းမျဉ်းစည်းကမ်းများအရ နည်းပြချုပ်အဖြစ် မှတ်ပုံတင်ဆောင်ရွက်နိုင်ခြင်းမရှိဟုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးဌာန၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်ဟု ဆိုသည်။

“ထို့ကြောင့် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းအနေဖြင့် ပြိုင်ပွဲကာလ နီးကပ်နေပြီဖြစ်သည့်အပြင် ပွဲချဉ်းကပ်မှုနှင့် အသင်း၏အရေးကြီးကာလရောက်ရှိလာပြီဖြစ်ပါ၍ ဘရာဇီးလ်နည်းပြ မစ္စတာ ရီကာဒိုအား အသင်းနည်းပြချုပ်အဖြစ်မှ တရားဝင်လမ်းခွဲပြီး နည်းပြချုပ်သစ်တစ်ဦး အမြန်ဆုံးခန့်အပ်တာဝန်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

blob
အသက် ၅၉ နှစ် အရွယ်ရှိ ဘရာဇီးလ်လူမျိုး နည်းပြ မစ္စတာရီကာဒိုဒါရိုချာကို RUFC က တစ်နှစ် စာချုပ်ဖြင့် အသင်း နည်းပြချုပ်အဖြစ်ခေါ်ယူပြီး ပြီးခဲ့သည့် မတ်လ ၂၆ ရက်မှစတင်ကာ လေ့ကျင့်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၅ မြန်မာနေရှင်နယ်လိဂ်ဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရှိနိုင်ရန်နှင့် ၂၀၂၅-၂၆ ရာသီ အခြား ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် သူ့ကို နည်းပြချုပ်အဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု RUFC က ဆိုသည်။

ဝါရင့်နည်းပြတစ်ဦးဖြစ်သူ မစ္စတာ ရီကာဒို ဒါရိုချာသည် ကစားသမားဘဝတွင် ဘရာဇီးလ်နာမည်ကြီး ပြည်တွင်းကလပ်အသင်းများဖြစ်သည့် ပါးလ်မီးရပ်စ်နှင့် ဗာစကိုဒါးဂါးမားတို့တွင် ပါဝင်ကစားခဲ့သူဖြစ်သည်။

ထို့နောက် နည်းပြဘဝကို ဘရာဇီးလ်ပြည်တွင်းကလပ်အသင်းများနှင့် ဘင်ဖီကာ၊ လာဇီယိုအစရှိသည့် ဥရောပကလပ်အသင်းကြီးများနှင့် အီတလီကလပ်အသင်းဖြစ်သည့် Vicenzo FC တို့တွင် နည်းပြအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ဂါနာပရီးမီးယားလိဂ် အသင်းများဖြစ်သည့် Dagbon United ၏ နည်းစနစ်ဒါရိုက်တာ အဖြစ်လည်းကောင်း၊ Ashanti Gold Sporting Club နည်းပြချုပ်အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့ကာ Ashanti Gold အသင်းနှင့်အတူ BK Edusel Cup ချန်ပီယံဆုရယူပေးနိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ၂၀၀၈ ခုနှစ်တွင် ကိတ်ဗာဒီလက်ရွေးစင်အသင်းအား နည်းပြချုပ်အဖြစ်ကိုင်တွယ်ခဲ့ပြီး အာဖရိကနိုင်ငံများ ဖလားခြေစစ်ပွဲတွင် အကောင်းဆုံး ဦးဆောင်ပေးခဲ့သည်။

၂၀၂၃ ဘောလုံးရာသီတွင်လည်း ဘိုလစ်ဗီးယားဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဆိုင်ရာ Coordinator အဖြစ် သက်တမ်းအလိုက် ယူ-၁၃၊ ယူ-၁၅၊ ယူ-၁၇ လူငယ်အသင်းများအား နောက်ဆုံးတာဝန်ယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။

RUFC သည် ယခုနှစ်ဘောလုံးရာသီ မြန်မာနယ်ရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲနှင့် MNL 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိနိုင်စေရန်ရည်ရွယ်၍ အသင်းပိုင်ရှင်၏လမ်းညွှန်မှုဖြင့် ပြည်တွင်း၊ ပြည်ပကစားသမားသစ်များ ခေါ်ယူအားဖြည့်ကာ ရာသီသစ်အတွက် ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပြင်ဆင်အားဖြည့်မှုသည် ပြီးခဲ့သည့်ရာသီပွဲစဉ်တိုင်းတွင် အသင်းနှင့်အတူ နိုင်နိုင်ရှုံးရှုံး အတူတကွ တသားတည်းရှိနေပေးခဲ့ကြသည့် ရခိုင်ပရိသတ်ကြီးအား အနိုင် (၃)မှတ်နှင့်အတူ ပျော်ရွှင်ကျေနပ်နိုင်ရေးနှင့် ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိနိုင်ရန် ရည်ရွယ်၍ အသင်းပိုင်ရှင်က အသင်းအား ပြန်လည်စုဖွဲ့ပြီး ကြိုတင် ပြင်ဆင်လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - လမ်းခွဲလိုက်ရသည့် ဘရာဇီးလ်နည်းပြချုပ် မစ္စတာရီကာဒိုနှင့် RUFC တာဝန်ရှိသူတို့အား တွေ့ရစဉ်။ (Photo – RUFC)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.