Preview

AA က ကျန်းမာရေးဝန်ထမ်း သင်တန်းသားများကို လျှောက်လွှာခေါ်ယူနေ

သဉ္ဇာနွယ် | မေ ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :865
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၃/၂၀၂၅

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်အတွင်း တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်း သင်တန်းသားများကို လျှောက်လွှာခေါ်ယူနေသည်ဟု သိရသည်။

အာရက္ခပြည်အတွင်း ကျန်းမာရေးဝန်ထမ်းများ မလုံ‌လောက်သဖြင့် ကျန်းမာရေးဝန်ထမ်းကြီးကြပ်(၂)သင်တန်းသားများကို ဗီတာ(၁)စစ်ဒေသတွင် ဧပြီ ၂၅ ရက် ရက်စွဲဖြင့် တရားဝင် စာထုတ်ကာ လျှောက်လွှာခေါ်ယူနေခြင်းဖြစ်သည်။

ULA/AA ၏ မြောက်ဦးဒေသမှ တာဝန်ရှိသူတစ်ဦးက "ရခိုင်ပြည်မှာ ကျန်းမာဝန်ထမ်းတွေ အများကြီးလိုအပ်တယ်။ ဝန်ထမ်းက လုံးဝကို မလုံ‌‌လောက်တာ။ မရှိတာ။ မရှိတဲ့အခြေအနေမို့လို့ စစ်ဆရာဝန်တွေသုံးနေရတဲ့အနေအထားမှာရှိတယ်။ ဝေးလံခေါင်ဖျားတဲ့နေရာဆို ပိုဆိုးတယ်။ ဒါကြောင့် မဖြစ်မနေခေါ်ရတာ"ဟု နိရဉ္စရာကို ပြောသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် လျှောက်မည့်သူများမှာ အထက်တန်းပညာသင်ကြားပြီးသည့် ဆယ်ကျော်သက်အရွယ်မှ အသက် (၃၀)အောက်လူငယ်များ လျှောက်ထားနိုင်ကြောင်း စာထဲတွင် ပါရှိသည်။

ယင်းအပြင် လျှောက်ထားလိုသူများသည် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားမိတ္တူတစ်စောင်၊ ပတ်စပို့ ဓာတ်ပုံနှစ်ပုံ၊ ပညာအရည်အချင်းဆိုင်ရာ အထောက်အထားတစ်ခုခုနှင့် ပြစ်မှုကင်းကြောင်း၊ စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ တစ်စောင်တို့ဖြင့် ပူးတွဲကာ မေလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မြို့နယ်အလိုက် သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဌာနသို့ လျှောက်ထားရမည်ဖြစ်သည်။

သင်တန်းကာလမှာ ရှစ်လ ကြာမည်ဖြစ်ပြီး အနည်းဆုံး ငါးနှစ် တာဝန်ထမ်းဆောင်ရမည်ဟု ဆိုသည်။

သင်တန်းပြီးဆုံးလျှင် အာရက္ခပြည်သူ့ကျန်းမာရေးဌာန၌ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂)အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမည်ဖြစ်ပြီး နေရာဒေသမရွေး သွားလာနိုင်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

blob
လက်ရှိ အာရက္ခပြည်အတွင်း ကျန်းမာရေးဝန်ထမ်းများမလုံလောက်သည့်အတွက် မြို့ဝေး၊ ရွာဝေးများကို ဆေးကုသရန်သွားနေရသဖြင့် ကုန်ကျစရိတ်ကြီးမားခြင်း၊ အချိန်မီမသွားနိုင်သည့်အတွက် အသက်ဆုံးရှုံးသည့်ဖြစ်စဉ်များလည်း ရှိနေသည်ဟု ကျောက်တော်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျွမ်းကျင်တဲ့ဆရာဝန်တွေ စစ်ကောင်စီလက်ထက်ကတည်းက မရှိတာ။ ရှိတဲ့ဆရာဝန်တွေက ပြည်မမှာ။ ပြီးရင် ကျေးလက်ဆေးခန်းတွေမှာ ဆရာဝန်တွေမချပေးနိုင်သေးတော့ ရပ်ဝေး၊ ရွာဝေး၊ မြို့ဝေးတွေကို ဆေးကုဖို့သွားရတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေပေါ့။ မတတ်နိုင်လို့မသွားရင် သေရတယ်" ဟု ပြောသည်။

ကျန်းမာရေးဝန်ထမ်းများမလုံလောက်ခြင်းကြောင့် ကျေးလက်နေပြည်သူများအခက်ခဲကြုံနေရသည့်အပြင် စစ်ကောင်စီ၏ လမ်းပိတ်ဆို့ထားမှုကြောင့် ဆေးဝါးများလည်းရှားပါးနေသည်ဟု ဒေသခံများက ပြောသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် လက်ရှိတွင် အာရက္ခပြည်၏ လွတ်မြောက်နယ်မြေများအတွင်း ကျန်းမာရေးအပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ - AA ၏ ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ်။ (Photo – AA Info Desk)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#ကျန်းမာရေး#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.