Preview

ပုဏ္ဏားကျွန်းတွင် ကျေးရွာပေါင်း ၂၃ ရွာရှိ ရေတွင်းရေကန်များခမ်းခြောက်ပြီး သောက်သုံးရေရှားပါးနေ

အောင်ကြွယ်ငြိမ်း | မေ ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :556
ရခိုင် သတင်း

(လူဦးရေ လေးသောင်းကျော် သောက်သုံးရေရှားပါးမှုဒဏ်ကို အကြီးအကျယ်ခံနေကြရ)

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ မေ ၃/၂၀၂၅

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာပေါင်း ၂၃ ရွာရှိ ရေတွင်းရေကန်များ ခမ်းခြောက်ပြီး သောက်သုံးရေရှားပါးနေသည်ဟု သိရသည်။

အဆိုပါကျေးရွာများတွင် စစ်ဘေးရှောင်စခန်း ငါးခုလည်း ပါဝင်ပြီး ဒေသခံနှင့် စစ်ဘေးရှောင်လူဦးရေစုစုပေါင်း ခန့်မှန်း လေးသောင်းကျော်ခန့်သည် ရေရှားမှုဒဏ်ကို အကြီးအကျယ်ခံနေကြရသည်ဟု ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး(PYA)က ထုတ်ပြန်ထားသည်။

ရေရှားပါးမှုဒဏ်ကြုံတွေ့နေရသည့်ကျေးရွာများစာရင်းကို PYA အား နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရေလိုအပ်နေသည့်နေရာများကို ပြည်တွင်းပြည်ပအလှူရှင်များကလှူဒါန်းသောအလှူငွေများဖြင့် PYA က အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရနှင့် ပူးပေါင်းကာ ပျမ်းမျှရီဂါလံ (၇၀၀၀)နှုန်းဖြင့် သွားရောက် ရေလှူဒါန်းနေသည်ဟု သိရသည်။

ယင်းသို့ ရေလှူဒါန်းနိုင်ရန် စေတနာရှင်များအနေဖြင့် စက်သုံးဆီ တစ်ဂါလံကို (၃၆,၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ရေတစ်ရက်စာနှုန်း (၈၀၀,၀၀၀)ကျပ်သော်လည်းကောင်း ပါဝင်လှူဒါန်းနိုင်ကြောင်းလည်း PYA က တိုက်တွန်းနှိုးဆော်ထားသည်။

blob
တစ်ဘက်တွင်လည်း ယင်းသို့ သောက်သုံးရေအခက်အခဲဖြစ်နေကြရသည့်ကျေးရွာများရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေရရှိရေးအတွက် ပုဏ္ဏားကျွန်းမြို့ရှိ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းက ဦးဆောင်ကာ အဝီစိတွင်းများ တူးဖော်ပေးနေသည်ဟုလည်း သိရသည်။

အဆိုပါအဝီစိတွင်းများကို ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များထံမှရရှိသော အလှူငွေများဖြင့် ပြီးခဲ့သည့် ဧပြီလနောက်ဆုံးအပတ်မှစတင်ကာ တူးဖော်နေခြင်းဖြစ်သည်။

ရခိုင်တွင် နှစ်စဉ်မိုးရေချိန်လက်မ ၂၀၀ ကျော်ခန့်အထိ မိုးရွာသွန်းမှုရှိသော်လည်း နှစ်စဉ်နွေရာသီရောက်တိုင်း ရေခမ်းခြောက်ကာ ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရ၍ ရေအရင်းအမြစ်ကို စနစ်တကျစီမံခန့်ခွဲပြီး ရေရှည်အတွက် အဝီစိတွင်းများ တူးဖော်နေခြင်းဖြစ်သည်ဟု ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ ဒါရိုက်တာဖြစ်သူ ကိုမျိုးဟိန်းလှိုင်က နိရဉ္စရာကို ပြောသည်။

"အခုလိုအဝီစိတွင်း တူးဖော်လိုက်တော့ နှစ်တိုင်းကြုံနေရတဲ့ရေရှားပါးမှု ပြဿနာကို ကျနော်တို့လျှော့ချ ဖြေရှင်းနိုင်ပြီ။ အခုလက်ရှိတော့ နောက်လာမဲ့နှစ်တွေအတွက်ပါ ကျွန်တော်တို့က ရေရှည်ကိုကြည့်ပြီး စနစ်တကျနဲ့ အဝီစိတွင်းတူးလိုက်တာ" ဟု ပြောသည်။

အဆိုပါအဝီစိတွင်းများကို ရေအရင်းအမြစ်ရှိသည့် မြေအောက်ရေရှိနိုင်သော စစ်ရှောင်စခန်းများနေရာတွင် ကျောက်လွှာများအထပ်ထပ်ကို တူးဖော်လျက် ခက်ခက်ခဲခဲ တူးဖော်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

blob
လက်ရှိတွင် အဝီစိတွင်း သုံးတွင်းတူးဖော်ထားသည့်အနက် တစ်တွင်းမှာ ရေအလုံအလောက်ရရှိနိုင်ခြေမရှိ၍ ၎င်းတွင်းတူးဖော်ခြင်းကို ရပ်နားထားပြီး ကျန်နှစ်တွင်းမှာ ရေရရှိ အောင်မြင်နေပြီဖြစ်သည်ဟု သိရသည်။

ယင်းအပြင် တူးဖော်ပြီးစီးနေသော အဝီစိတွင်း နှစ်တွင်းမှ ရေများကို ဒေသခံများနှင့် စစ်ဘေးရှောင်များ အသုံးပြုနိုင်ရေး ရေစုပ်ယူရန် ရေမော်တာစက်များ၊ ရေတင်စက်များနှင့် မီးစက်များအပြင် ရေသိုလှောင်ထိန်းသိမ်းထားရှိရန် ရေပုံးများ အရေးတကြီးလိုအပ်နေသည်ဟုလည်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်တိမ်းနေကာ သောက်သုံးရေအခက်အခဲဖြင့် ကြုံတွေ့နေရသည့် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာမှ အမျိုးသမီးတစ်ဦးက "ရေရှားပါးမှုက အလွန်တရာမှဆိုးရွားတယ်။ ရေလုံးဝရှာမရတဲ့ အခြေအနေအထိ ရှိခဲ့တယ်။ ရေမချိုးရတဲ့ ရက်တွေလည်း အများကြီးကြုံခဲ့ရတယ်။ အခုရေတွင်းတူးဖော်တာ ရေရှိအောင်မြင်နေတာကိုတွေ့ရတော့ အရမ်းဝမ်းသာတယ်" ဟု ပြောသည်။

ထို့အတူ ရခိုင်ရှိ ပုဏ္ဏားကျွန်းမြို့နယ်အပြင် ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြားနှင့် မောင်တောစသည့် မြို့နယ်များတွင်လည်း စစ်ဘေးရှောင်လူဦးရေတိုးလာခြင်းနှင့်အညီ ဒေသခံများပါ ရေခပ်ယူသုံးစွဲမှုများပြား၍ ယခုနှစ်နွေရာသီအစပိုင်းမှစတင်ကာ လက်ရှိအချိန်ထိ ရေရှားပါးမှုပြဿနာဖြင့် ကြုံတွေ့နေရသည်။

ထို့ကြောင့် ရေတွင်း၊ ရေကန်များ ပြန်လည်တူးဖော်ပေးရန်၊ ရေအရင်းအမြစ်ကို စနစ်တကျစီမံခန့်ခွဲပေးရန် ဒေသခံများက လိုလားနေကြသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့ခဲ့ရပြီး မသန့်ရှင်းသောသောက်သုံးရေများကို အသုံးပြုခဲ့ရမှုကြောင့် အရေပြားရောဂါများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားမှုများ ရှိခဲ့သည်။

ဓာတ်ပုံ - ရေရှားပါးမှုနှင့်ကြုံတွေ့နေသည့် ပုဏ္ဏားကျွန်းမြို့နယ်တွင် အဝီစိတွင်းများတူးဖော်နေသည်ကို တွေ့ရစဉ်။ (Photo - နိရဉ္စရာနှင့် PYA)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.