နိရဉ္စရာ၊ မေ ၃/ ၂၀၂၅
မေလ ၃ ရက်နေ့တွင်ကျရောက်သည့် ၉”ကြိမ်မြောက် “မြိုအမျိုးသားနေ့”သို့ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(Arakan Students' Union) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
ထိုသို့ ပေးပို့ရာတွင် မြိုအမျိုးသားတို့၏ စာပေ၊ယဉ်ကျေးမှုများ တိုးတက်မြင့်မားလာအောင် ညီနောင်လူမျိုးအားလုံးက ဝိုင်းဝန်းလက်တွဲ၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖော်ပြထားသည်။
မြိုလူမျိုးတို့သည် ဤအာရက္ခဒေသတွင်ပေါက်ဖွားပြီး ဤမြေ၊ဤရေကိုသောက်သုံးကာ အာရက္ခပြည်ရှိ တခြားသောညီနောင်လူမျိုးများနှင့်အတူ လက်တွဲလျက် ရာစုနှစ်နှင့်ချီပြီး ဤတိုင်းပြည်၏ စည်ပင်တိုးတက်ရေးများတွင် စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြကာ ခက်ခဲကြမ်းတမ်းသော အချိန်များတွင်လည်း ဒုက္ခများကိုအခြားညီနောင်များ နည်းတူခံစားခဲ့ရပါကြောင်း၊ ရှေးယခင်က ဘိုးဘေးများနည်းတူပင် ကျွန်ုပ်တို့မျိုးဆက်သည်လည်း ယနေ့ခေတ် ကျွန်ုပ်တို့ကြုံတွေ့နေရသော အခက်အခဲများကို အတူတကွလက်တွဲကာ ရင်ဆိုင်ကျော်ဖြတ်ရင်း နောင်လာမည့်မျိုးဆက်များထံသို့ ခေတ်မီတိုးတက် စည်ပင်သာယာဝပြောသော အနာဂတ်အာရက္ခတိုင်းပြည်ကို လက်ဆင့်ကမ်း အမွေအဖြစ် ထားခဲ့နိုင်ရန်မှာလည်း ကျွန်ုပ်တို့အာရက္ခပြည်သားတစ်ရပ်လုံး၏ တာဝန်ပင် ဖြစ်ပါကြောင်းဖော်ပြထားသည်။
ထို့ကြောင့် ကျွန်ုပ်တို့အာရက္ခပြည်ဖွား ညီနောင်လူမျိုးများသည် ထိုအခက်အခဲများကို တစ်သားတည်း အတူတူလက်တွဲကာ ရင်ဆိုင်ကျော်လွှားသွားကြမည် ဖြစ်ပါကြောင်း၊ အာရက္ခနိုင်ငံဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ မြိုအမျိုးသားတို့၏ စာပေ၊ယဉ်ကျေးမှုများလည်း တိုးတက်မြင့်မားလာအောင် ညီနောင်လူမျိုးအားလုံးက ဝိုင်းဝန်းလက်တွဲ၍ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း လေးလေးနက်နက်တိုက်တွန်းရင်း ယနေ့ကျရောက်သော “၉” ကြိမ်မြောက် “မြိုအမျိုးသားနေ့”အား ဤဂုဏ်ပြုသဝဏ်လွှာဖြင့် ကြိုဆိုဂုဏ်ပြုအပ်ပါကြောင်းဖော်ပြထားသည်။ (ဓာတ်ပုံ-AB N)