Preview

ကျောက်ဖြူအမှတ် (၃၂)ရဲတပ်ရင်း အဝိုင်းခံထားရသည့်အနေအထားမျိုးရောက်ရှိလာပြီးနောက် ထောက်ပို့လမ်းကြောင်းဖြတ်တောက်မခံရရန်စကစမှ ကာကင်းစခန်းအသစ်များတည်ဆောက်

သဉ္ဇာနွယ် | လွန်ခဲ့သော ၁၁ နာရီ က | ကြည့်ရှုသူ :2723
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၄ /၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်ရှိအမှတ် (၃၂)ရဲတပ်ရင်းမှာ အဝိုင်းခံထားရသည့် အနေအထားမျိုးသို့ ရောက်ရှိလာပြီးနောက် ထောက်ပို့လမ်းကြောင်း ဖြတ်တောက်မခံရရန်အတွက် ၎င်းရဲတပ်ရင်းနှင့် ကျောက်ဖြူမြို့အကြားရှိ လမ်းတစ်လျှောက်တွင် ကာကင်းစခန်းများနှင့် ကတုတ်ကျင်းများကို ထပ်မံ တိုးချဲ့ တည်ဆောက်နေကြောင်း သတင်းရရှိသည်။  

ကျောက်ဖြူမြို့ခံ စစ်ရေးအခြေအနေကို လေ့လာနေသူ အမျိုးသားတစ်ဦးက  " ရဲတပ်ရင်းက AAရဲ့ဝိုင်းတာကိုခံထားရတယ်လေ။ ရဲတပ်ရင်းသာကျသွားရင်ကျောက်ဖြူကို  AA ကဝင်လာပြီး စစ်တပ် တပ်ရင်းတွေကို တိုက်လာနိုင်သလို အမ်းလိုမျိုး ထောက်ပို့လမ်းကြောင်းတွေလည်းဖြတ်တောက်ခံရနိုင်တာမို့ ကျောက်ဖြူမြို့နဲ့ရဲတပ်ရင်းကြားမှ စစ်အင်အားတိုးချတယ်။ ကာကင်းစခန်းတွေအခိုင်အမာတည်ဆောက်နေတယ်လို့ သိရတယ် " ဟု နိရဉ္စရာ ကို ပြောသည်။

အဓိက အမှတ် (၃၂)တိုက်ခိုက်ရေးရဲတပ်ရင်း( Combat Police Battalion) နှင့်ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်အကြား  ကာကင်းစခန်းအသစ်များကိုအခိုင်အမာတည်ဆောက်ကာ အင်အားထပ်မံတိုးချနေကြောင်း၎င်းက ပြောကြားသည်။

၎င်းပြင်ကျောက်တလုံးဂိတ်နှင့် ရဲတပ်ရင်းကြားရှိလမ်းနှင့် ကျေးရွာတချို့တွင်လည်းကတုတ်ကျင်းများ တူးကာ  ကာကင်းစခန်းများအသစ်တည်ဆောက်ကာလုံခြုံရေးအင်အားတိုးမြှင့်ချထားသည်ဟုလည်းဒေသခံများက ပြောသည်။

  အမှတ်(၃၂)တိုက်ခိုက်ရေးရဲတပ်ရင်းအနီးရှိ ကျေးရွာများအနီးတဝိုက်တွင် နေရာယူခဲ့သည့် စစ်ကောင်စီ၏ကာကင်းစခန်းတချို့မှာလည်းAA၏တိုက်ခိုက်ခဲ့မှုကြောင့်  လက်လွှတ်ခဲ့ရပြီး အမှတ်(၃၂)ရဲတပ်ရင်းသည်လက်ရှိတွင် အာရက္ခတပ်တော်AA နှင့် စစ်ဆိုင်ထားရသည့် အနေအထားမျိုး မြင်တွေ့ရသည်ဟု ဒေသခံအမျိုးသားတစ်ဦးကနိရဉ္စရာ ကိုပြောသည်။

" အရင်က ‌ရဲတပ်ရင်းရှေ့ဖက်မနီးမဝေးမှာ AAကိုနေရာယူပြီးတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီက ကာကင်းစခန်းသဘောမျိုးနေရာတွေရှိခဲ့တယ်။ အခုလက်ရှိမရှိတော့ဘူး။ အကုန်လုံးAA က သိမ်းလိုက်ပြီ။ ဒီရဲတပ်ရင်း ပတ်ပတ်လည်လည်မှာတော့ AA က ဝိုင်းထားတယ်။ ဒါပေမယ့်ရဲတပ်ရင်းကို သိမ်းနိုင်ဆိုတော့ တိကျပြောလို့မရသေးဘူး။သူတို့စစ်တပ်ကလည်း ပြန်ထိုးစစ်ဆင်နိုင်တဲ့အနေအထားတော့ရှိနေတာပေါ့နော်။နှစ်ဘက်စစ်ဆိုင်ထားတဲ့ အနေအထားပါ" ဟုပြောသည်။

ကျောက်ဖြူမြို့ပြင်ကားလမ်းဘေးတွင်တည်ရှိသည့် အမှတ် (၃၂) ရဲတပ်ရင်းသည်စစ်ကောင်စီ အတွက် ကျောက်ဖြူမြို့မကျရန် အဓိကကာကွယ်ထားသည့် တပ်ရင်း တစ်ရင်းဖြစ်ပြီး တပ်အင်အား (၇၀၀) ခန့် ဝင်ရောက်နေရာ ယူထားသည်ဟု သိရသည်။

လက်ရှိတွင်ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ( AA/TNLA/MNDAA)မှ ‌မေလ ၁ရက်နေ့မှ ၃၁ရက်နေ့အထိ နောက်ထပ် (၁)လအပစ်အခတ်ရပ်စဲကြောင်း  ကြေညာထားသဖြင့်၎င်းရဲတပ်ရင်းအား လောလောဆယ်တွင် AA ဝင်တိုက်ခိုက်အုံးမည်မဟုတ်ဟု ယူဆထားကြောင်း ၎င်းက ပြောသည်။  

သို့သော်အပစ်ရပ်ကာလအတွင်း နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပွားနေပြီး ယမန်နေ့မေလ၃ ရက်နေ့ကလည်း ကျောက်ဖြူလိပ်ခမော်ရွာအနီးတွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီကလည်း အပစ်ရပ်စဲထားသော်လည်း လူနေကျေးရွာများကို လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်း၊ အဝေးကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို မကြာခဏပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့တွင် အမှတ် (၃၂)တိုက်ခိုက်ရေး ရဲတပ်ရင်း၊ကျောက်တလုံးစစ်ဆေးရေးဂိတ်၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ ခလရ(၃၂)တို့တည်ရှိပြီး မြို့ပြင် သစ်ပုတ်တောင်တွင် ဓညဝတီရေတပ်ဌာနချုပ်၊ တော်မော်ကြီး ရေတပ်စခန်း၊အုန်းကျွိန်ရေတပ်စခန်းတို့တည်ရှိသည်။(ပုံစာ- ကျောက်ဖြူ အမှတ် (၃၂) ရဲတပ်ရင်း

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.