စောရှင်မေ၊ နိရဉ္စရာ၊ မေ ၅/ ၂၀၂၅
ကဆုန်လဆန်း ၇ ရက်(မေလ ၃ ရက်)နေ့တွင်ကျရောက်သည့် (၉) ကြိမ်မြောက် မြိုအမျိုးသားနေ့အခမ်းအနားကို အာရက္ခတပ်တော် (AA)၏ ထိန်းချုပ်နယ်မြေတစ်ခုတွင် ယင်းနေ့က အကျဉ်းချုံးကျင်းပပြုလုပ်ခဲ့ကြောင်း မြိုလူမျိုးများက ပြောသည်။
ယင်းနေ့ကအခမ်းအနားတွင် မြိုလူမျိုးများ၏ သမိုင်းဆိုင်ရာ ဟောပြောမှုများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေကြပြီး ရခိုင်မျိုးနွယ်စုဝင်များအပါအဝင် မြိုလူမျိုးများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု မြိုတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ သိရသည်။
မြိုလူမျိုးတစ်ဦးက “မြိုလူမျိုးတို့ရဲ့ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ သမိုင်းအကြောင်းအရာနဲ့ အမျိုးသားရေးလက္ခဏာတွေ မပျောက်မပျက်ရအောင် ထိန်းသိမ်းတတ်စေဖို့ရည်ရွယ်ပြီး အခုလို ပြုလုပ်ရတာဖြစ်ပါတယ်”ဟု ပြောသည်။
ယခုကဲ့သို့ အကျဉ်းချုံးကျင်းပရခြင်းမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကိုစိုးရိမ်၍ဖြစ်သည်ဟုလည်း သိရသည်။
(၉)ကြိမ်မြောက် “မြိုအမျိုးသားနေ့”သို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(Arakan Students' Union) ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
ထိုသို့ ပေးပို့ရာတွင် မြိုလူမျိုးတို့သည် အာရက္ခဒေသတွင်ပေါက်ဖွားပြီး ဤမြေ၊ ဤရေကိုသောက်သုံးကာ အာရက္ခပြည်ရှိ အခြားသောညီနောင်လူမျိုးများနှင့်အတူ လက်တွဲလျက် ရာစုနှစ်နှင့်ချီပြီး ဤတိုင်းပြည်၏ စည်ပင်တိုးတက်ရေးများတွင် စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြသည်ဟု ဖော်ပြထားသည်။
ခက်ခဲကြမ်းတမ်းသော အချိန်များတွင်လည်း ဒုက္ခများကို အခြားညီနောင်များ နည်းတူခံစားခဲ့ရသည့်အတွက် မြိုအမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှုများ တိုးတက်မြင့်မားလာအောင် ညီနောင်လူမျိုးအားလုံးက ဝိုင်းဝန်းလက်တွဲ၍ ဆောင်ရွက်သွားကြရမည်ဟု ဖော်ပြထားသည်။
ရခိုင်တွင် မြိုလူမျိုးစုစုပေါင်း လေးသောင်းခန့်သာရှိကြောင်းလည်း သိရသည်။
မြိုအမျိုးသားနေ့ကို ၂၀၁၆ ခုနှစ်ကစပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာတွင် ပထမအကြိမ် ကျင်းပပြီးနောက် မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့တွင် နှစ်စဉ် ကျင်းပလာခဲ့ကြောင်းလည်း သိရသည်။
ဓာတ်ပုံ - မြိုအမျိုးသားနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်ကိုတွေ့ရစဉ်။ (Photo - ပေးပို့)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။